သျှမ်းပြည်နယ် မြောက်ပိုင်း အပစ်ခတ်ရပ်စဲ သဘောတူညီ စာချုပ် NCA လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လှုပ်ရှား နယ်မြေ အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။
လက်ရှိမှာ သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲ ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်၊ တန့်ယန်းမြို့နယ်တွင် သျှမ်းပြည်တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော်(SSPP/SSA) နှင့် မြန်မာ့ တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။
ကွတ်ခိုင်မြို့နယ် တာမိုးညဲဒေသ တွင် သြဂုတ် ၄ ရက်နေ့မှ စတင်ပြီး TNLA နှင့် မြန်မာ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် TNLA လှုပ်ရှားနယ်မြေအတွင်း တပ်စခန်း တိုးချဲ့မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး တားအိုက်ကျော်က သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“ သြဂုတ် ၄ ရက်နေ့ ကစဖြစ်တယ်။ တောက်လျှောက်ဖြစ်တယ်။ တာမိုးညဲနားမှာ ဖြစ်တယ်။ တပ်မတော် က ထိုးစစ် တွေ များလို့ ဖြစ်ရတာပါ။ တပ်မတော်က ကျနော်တို့ လှုပ်ရှားနယ်မြေ မှာ စခန်းအသစ်တွေ တိုးချဲ့လာတယ်” ဟု ဗိုလ်မှူး တားအိုက်ကျော်က ဆိုသည်။
သျှမ်းပြည်နယ် မြောက်ပိုင်းTNLA လှုပ်ရှားနယ်မြေ အတွင်း တွင် မြန်မာ့ တပ်မတော် မှ နယ်မြေ ချဲ့ ထွင်လာသဖြင့် အချိန်မရွေး တိုက်ပွဲပြန်လည် ပြင်းထန် လာနိုင်သည် ဟုလည်း ဗိုလ်မှူး တားအိုက်ကျော် က သုံးသပ်ပြောသည်။
သြဂုတ်လ ၁၁ရက် ညနေပိုင်း တွင် TNLA နှင့် မြန်မာ့ တပ်မတော်တို့သည် ကွတ်ခိုင် တာမိုးညဲ ဒေသ မော်ဟန်ကျေးရွာ အုပ်စု ဖတ်ကာရွာတွင်တိုက်ပွဲဖြစ်ပွားမှုကြောင့် အသက် ၁၇နှစ် အရွယ် လူငယ်တဦး လက်နက်ကြီး ကျည်စ ထိမှန်ခဲ့ကြောင်းလည်း မော်ဟန်ကျေးွရာ သင်းထောက်ဆရာ တဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ ကလေးတွေ ဘောလုံးကန်နေတဲ့အချိန် မှာ သေနတ်သံကြားလို့ထွက်ပြေးကြတယ်။ထွက်ပြေးနေရင် လက်နက်ကြီး ကျလို့ ကျည်စမှန်သွားတာ။ ခြေထောက်နဲ့ လက် ထိသွားတယ်။ ကျေးရွာမှာပဲ ဆေးကုနေတယ်” ဟု သင်းထောက်ဆရာ က ဆိုသည်။
မြန်မာ့တပ်မတော် ၏ တဖက်သတ် အပစ်ရပ်စဲရေး ကြေညာထားသည့် ကာလ အတွင်း မဟာမိတ်အဖွဲ့ လှုပ်ရှားနေရာဒေသ များတွင် တိုက်ပွဲများဆက်တိုက်ပြုလုပ်နေသည် ဟု သြဂုတ် ၁၂ရက်နေ့တွင် ညီနောင် မဟာမိတ်(၃) ဖွဲ့ က သဘောထားထုတ်ပြန်ချက် ထုတ်ခဲ့သည်။
ညီနောင် မဟာမိတ် (၃) ဖွဲ့မှာ ကိုးကန့် (MNDAA)၊ တအာင်း ပလောင်( TNLA) နှင့် ရက္ခိုင့် တပ်မတော်( AA) တို့ ဖြစ်သည်။
မြန်မာ့တပ်မတော် သည် ကိုးကန့် နှင့် တအာင်း ဒေသ များတွင် စစ်ရေး လှုပ်ရှားမှု အမျိုးမျိုး ပြုလုပ်ပြီး မဟာမိတ် တပ်ဖွဲ့ဝင်များအား စစ်ရေး ကန့်သတ် ဖိနှိပ်မှု အမျိုးမျိုး ကို ဆတိုက်ပြုလုပ်သည်။
ထို့အတူ SSPP/SSA နယ်မြေတွင်လည်း မြန်မာ့တပ်မတော် ဝင်ရောက်လှုပ်ရှားနေသဖြင့် ယခုရက်ပိုင်း တိုက်ပွဲများဖြစ်ပွားကာ ဆက်လက်ပြီး တိုက်ပွဲ ပြင်းထန်လာနိုင်သည်ဟုလည်း ညီနောင် မဟာမိတ် (၃) ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာ့ တပ်မတော်၏ စစ်ရေးလှုပ်ရှားမှု လူမျိုးရေး အမှန်တရားများကို အခြေခံပြီး မိမိတို့ လူမျိုးများအား ပုဒ်မ အမျိုးမျိုး တပ်ကာ ဖမ်းဆီးနေခြင်း၊ သတ်ဖြတ်နေခြင်းများကြောင့် မိမိတို့ အကြားတွင် ရရှိထားပြီး သော ယုံကြည်မှုများမှာ ပိုမို ယိုယွင်း ပျက်စီးကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များ ကြန့်ကြာပျက်စီးစေပြီး တိုက်ပွဲများပြင်းထန်လာမည် ကို စိုးရိမ်နေရသည် ဟု ညီနောင် မဟာမိတ်(၃)မိတ် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မြန်မာ့တပ်မတော် မှ ထိုးစစ်တိုက်ခိုက်နေမှု မှန်သမျှကို အမြန်ရပ်တန့်ရန် လည်း တောင်းဆိုထားသည်။
“ တိုက်ပွဲဖြစ်မဖြစ်ဆိုတာ တပ်မတော် ဘက်က ထိုးစစ်နဲ့ ဆိုင်တယ်။ အခုတော့ နေရာ တော်တော်များများက တပ်က ထိုးစစ်ဖြစ်နေတော့ တိုက်ပွဲပြင်းထန်လာနိုင်တယ်” ဟု TNLA တားအိုက်ကျော် က သုံးသပ်ပြောလိုက်သည်။
မြန်မာ့တပ်မတော် အနေဖြင့် TNLA ကို ဇွန်လ တွင် တိုက်ပွဲ ၂၀ ကြိမ်၊ ဇူလိုင် လတွင် ၁၀ကြိမ် အထက်နှင့် ယခု သြဂုတ်လ တွင် ၁၃ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ၏ သတင်း ပြန်ကြားရေး ထုတ်ပြန်ချက် အရ သိရသည်။
အဆိုပါ သျှမ်းမြောက် ဒေသ အတွင်း စစ်ရေး တင်းမာမှု၊ တိုက်ပွဲ အခြေအနေ နှင့် ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာ သတင်းမှန် ပြန်ကြားရေး ကို သျှမ်းသံတော်ဆင့် မှ အကြိမ်ကြိမ် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားကာ ပြန်လည် ဖြေကြားခြင်း မရှိပေ။
ထို့ပြင် သျှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ် SSPP/SSA လှုပ်ရှားနယ်မြေအတွင်း သြဂုတ် ၆ ရက်နေ့စကာ မြန်မာ့တပ်မတော် မှ ထိုးစစ်ဆင်မှု တို့ကြောင့် တန့်ယန်း မြို့နယ်ဒေသခံ ၅၀၀ နီးပါး စစ်ရှောင်ခဲ့ရသေးသည်။
SSPP/SSA ၏ မူးယစ်ဆေးတိုက်ဖျက်ရေးစီမံချက်အရ ဆေးစွဲသူများအားဆေးဖြတ်ပေးရန်ခေါ်ဆောင်သွားမှုကို တပ်သားသစ်စုဆောင်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ခဲ့သည်ဟု SSPP/SSA ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့် ကို သြဂုတ် ရ ရက်နေ့တွင် ဖြေကြားခဲ့သည်။
လက်ရှိမှာလည်း တန့်ယန်းမြို့နယ် အတွင်း မြန်မာ့ တပ်မတော်နှင့် SSPP/SSA စစ်ရေး တင်းမာမှု ဆက်လက်ဖြစ်ပွားနေသည် ဟု ဒေသခံများပြောပြချက် အရ သိရသည်။







