ကျောက်မဲမြို့နယ်အတွင်း ကျွဲတင်ကား ထပ်မံပစ်ခတ်ခံရ ၁ ဦးသေ ၁ ဦးဒဏ်ရာရ

ကျောက်မဲမြို့နယ်အတွင်း ကျွဲတင်ကား ထပ်မံပစ်ခတ်ခံရ ၁ ဦးသေ ၁ ဦးဒဏ်ရာရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ကျွဲများ တင်ဆောင်လာသည့်ကားတစီး ထပ်မံ ပစ်ခတ်ခံရကာ တဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၃ ရက် ယနေ့မနက် ၈ နာရီခန့်က ကျွဲများတင်ဆောင်လာသည့် ၁၂ ဘီး ကားများ နောင်ချိုမှ ကျောက်မဲဘက်သို့ မောင်းနှင်လာစဉ် ကျောက်မဲမြို့နယ် ခိုမုန်းအုပ်စု ခိုအုံးကျေးရွာ တွင် အမည်မသိ လက်နက်ကိုင် က ချောင်းမြောင်း ပစ်ကာ ယာဉ်နောက်လိုက် တဦး သေဆုံးပြီး၊ ယာဉ်မောင်း တဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရသည်။

“ ယာဉ်နောက်လိုက်ကတော့ လက်မောင်း၊ နံရိုးဖောက်ထွက်၊ ဝမ်းဗိုက် ၃ချက် သေနတ်ပစ်ခံရပြီး သေသွားတယ်။ နောက် ယာဉ်မောင်း ကတော့ ဦးခေါင်းထိပ်၊ ဂျိုးစောင်းပေါက်ပြဲ ၂ချက် ပစ်ခံရတယ်။ ဒဏ်ရာ ပြင်းထန်တယ်။” ဟု ကျောက်မဲ ဒေသခံ တဦးဖြစ်သည့် ကိုကျော်ဦး ကပြောသည်။

အဆိုပါပစ်ခတ်ခံရသည့် ကားသည် ကရင်အမျိုးသားအဖွဲ့အစည်း (KNU) တံဆိပ် တရားဝင် ပါရှိထားသည့် စာရွက်စာတမ်းကိုင်ဆောင်ကာ ကျွဲ ၂၄ ကောင် တင်ဆောင်လာကြောင်း ရဲမှတ်တမ်းအရသိရသည်။

ယမန်နေ့ သြဂုတ် ၁၂ ရက် ကလည်း တရုတ်ပြည် သို့ပို့ဆောင်မည့် နွားများ တင်လာသည့် ကားတစီး ပစ်ခံရပြီး လူတဦး သေဆုံးကာ၊ တဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။

သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ်တွင် နွားများ တင်ဆောင်သည့် ကားများ မကြာခဏ ချောင်းမြောင်း ပစ်ခံရပြီး၊ ယခင်က ညဘက်အချိန်သာ ပစ်ခံရပြီး၊ လက်ရှိမှာမူ လူမြင်ကွင်း မနက်ခင်းများတွင်ပင် ပစ်ခံနေရကြောင်းဒေသခံ များ ပြောပြချက် အရ သိရသည်။

“ အရင်က နွားကားတွေညဘက် မိုးချုပ်မှ ပစ်ခံရတာ။ အခု လူမြင်ကွင်း နေ့ဘက်၊ မနက်ဘက်တွေပါ ပစ်ခံနေရပြီ။ ကားသမားနဲ့ ယာဉ်နောက်လိုက်တွေပဲ သေဆုံးနေရတယ် ” ဟု သီပေါမြို့ ဒေသခံ စိုင်းအိုက် က ပြောသည်။

တရုတ်ပြည်ပို့မည့် ကျွဲနွားတင်ကားများသည် နယ်မြေ ဒေသရှိ လက်နက်ကိုင် အဖွဲ့အစည်းများကို ငွေပေးဆောင်မှု မရှိသဖြင့် ပစ်ခံရခြင်းသာဖြစ်နိုင်ကြောင်း၊ ကျွဲနွားများ တင်ဆောင်သည့် ကားများ မကြာခဏပစ်ခတ်ခံရသဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသေဆုံးမှုအထိရှိခဲ့ သော်လည်း မည်သည့် လက်နက်ကိုင် ပစ်သည်ကို ယခုတိုင်မသိရှိရကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းကပြောသည်။

အလားတူ သီပေါဒေသခံ စိုင်းအိုက်ကလည်း – “ ကျနော် သိသလောက်တော့ ကျွဲနွားကားတွေ အခွန်ဆောင်ထားတဲ့အရေအတွက်ထက်ပိုပြီးတင်တာ။ သူတို့အခွန်မဆောင်ချင်ဘဲ ခိုးတင်တဲ့သဘောပေါ့။ ကျနော်သိသလောက်က ကျွဲနွားတကောင် ကို ငွေကျပ် ၂ သောင်းပေးရတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သီပေါမြို့နယ် နှင့်ကျောက်မဲမြို့နယ် တွင် လက်နက်ကိုင် ပေါင်းစုံ ကျင်လည်သည့် နေရာ ဒေသဖြစ်ပြီး၊ မည်သည့် လက်နက်ကိုင် အဖွဲ့ မှ ကျွဲ၊နွားများ တင်သည့် ကားကို ပစ်သည်ကို ပြောဆိုရန် ခက်ခဲကြောင်း၊ ထိုကိစ္စသည် နိုင်ငံရေး နှင့် ဆက်နွယ်နေသည် ဟု ကျောက်မဲမြို့နယ် အမှတ်(၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းမြင့် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့စဉ်းစားစရာ ၂ခုဖြစ်တယ်။ လက်နက်ကိုင်အဖွဲ့ကို သူတို့က အခွန်မပေး လို့လား။ နောက်တခုက အရပ်ဝတ်နဲ့ လက်နက်ကိုင်တဲ့တပ်မတော်သားတွေ လမ်းမပေါ်သွားလာနေတာတွေရှိတယ်။ ဒါကြောင့် ပစ်ခတ်မှုလက်သည်ကို ဘယ်အဖွဲ့ဆိုတာ ကျနော်တို့ ခန့်မှန်းရခက်နေတယ် ။ တရားဥပဒေ စိုးမိုးမှုကတော့ လုံးဝမရှိတော့ဘူး။ အဓိက နိုင်ငံရေး ပါပဲ။နိုင်ငံရေး အရ မပြေလည်မှုတွေ ကြောင့်ပါ။ ” ကျောက်မဲမြို့နယ် လွှတ်တော်အမတ် စိုင်းထွန်းမြင့် က သုံးသပ်ပြောဆိုလိုက်သည်။

ယခုနှစ် ၂၀၁၉ ခုနှစ်အတွင်း ကျွဲ၊နွားတင်သည့်ကားများ ပစ်ခံရပြီး သေဆုံးမှု ၄ ဦး နှင့် ဒဏ်ရာရရှိသူ ၅ဦး ရှိကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...