မွန်ပြည်နယ် ရေကြီး၊ လူ ၇၀၀၀ ကျော် ဘေးကင်းရာ ရွှေ့ပြောင်း

မွန်ပြည်နယ် ရေကြီး၊ လူ ၇၀၀၀ ကျော် ဘေးကင်းရာ ရွှေ့ပြောင်း

မွန်ပြည်နယ်အတွင်း ရေကြီးမှုကြောင့် မြို့နယ်နှစ်မြို့နယ်မှ ဒေသခံ ၇၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ ဘီးလင်းမြစ်ရေနှင့် ကျိုက်မရောမြို့နယ်အတွင်းရှိ အတ္ထရံမြစ်ရေများလျှံပြီး ရေကြီးလာခဲ့ခြင်းဖြစ်သည်။

“ဘီးလင်းမြစ်ရေက စိုးရိမ်ရေအမှတ်ထက်မှာ ရှိနေတယ်၊ လက်ရှိမှာ ကယ်ဆယ်ရေးစခန်း ၃၇ ခုဖွင့်ထားပါတယ်၊ လူဦးရေကတော့ ၇၀၀၅ ဦးရှိပါတယ်၊ လူဦးရေထပ်တိုးလာဖို့ရှိတယ်” ဟု ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ဘီးလင်းမြို့ နယ်အတွင်း သြဂုတ်လ ၅ ရက်နေ့မှစ၍ ဘီးလင်းမြစ်ရေ မြင့်တက်လာကာ ရပ်ကွက်၊ ကျေးရွာအချို့ စတင်ရေကြီးခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့စာရင်းအရ အိမ်ထောင်စု ၁၆၇၆ စုတို့မှ လူဦးရေ ၇၀၀၅ ကို ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၃၇ ခုခန့် သို့ ပြောင်းရွှေ့ထားရသည်။

ထို့အတူ ကျိုက်မရောမြို့ နယ်တွင်လည်း အတ္တရံမြစ်ရေ မြင့်တက်လာမှုကြောင့် အိမ်ထောင်စု ၇၇ စုတို့မှ လူဦး ရေ ၂၄၁ ဦးကိုလည်း ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းတစ်ခုတွင် ပြောင်းရွှေ့ထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

သြဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီခွဲတိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ၁၀၃၃ စင်တီမီတာရှိပြီး မြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိသည့်အတွက် မြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ၁၁ စင်တီမီတာ ကျော်လွန်နေသည်။

ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည့် ဒေသခံများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ ကူညီထောက်ပံ့မှုအပြင် မွန်ပြည်နယ်အစိုးရအဖွဲ့မှလည်း တစ်ပတ်စာရိက္ခာများ ထောက်ပံ့ပေးထားကြောင်းလည်း မွန်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော အဝါရောင်အဆင့် မုန်တိုင်းငယ် (Depression) ကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သြဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်ထားသည်။

Most read this week

ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...
ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...