ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအပေါ် အစိုးရကန့်သတ်နေခြင်းအား ရပ်တန်ရန်အရေးကြီးအဆိုတင်

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအပေါ် အစိုးရကန့်သတ်နေခြင်းအား ရပ်တန်ရန်အရေးကြီးအဆိုတင်
by -
မွန်သတင်းအေဂျင်စီ
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးစဉ်(မွန်လွှတ်တော်)
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဆွေးနွေးစဉ်(မွန်လွှတ်တော်)
ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် ရေးရာကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေအရ ရရှိထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ ကန့်သတ်နေမှုများအား ရပ်တန့်ရန်နှင့် ဥပဒေနှင့် နည်းဥပဒေ ပြဌာန်းချက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် အရေးကြီးအဆိုတင်သွင်းခဲ့ကြောင်းသတင်းရရှိသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁   လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ်တင်သွင်းခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များသည် မဲဆန္ဒရှင် ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်နိုင်ရန် လုပ်ငန်းများလုပ်ကိုင်ရာတွင် ထိရောက်ကျွမ်းကျင်မှုရှိစေရန်အတွက် ဥပဒေ၊ နည်းဥပဒေပါပြဌာန်းချက်များအရ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများကို ဖိတ်ကြား၍ မေးမြန်းခြင်း ဆွေးနွေးခြင်းနှင့် အချက်အလက်ရယူခြင်းပြုလုပ်ရာတွင် အစိုးရအဖွဲ့မှ ကန့်သတ်နေမှုရှိသည့်အတွက် အရေးကြီးအဆို တင်သွင်းရခြင်းဖြစ်သည်ဟု ဆိုသည်။

 “ဒီလိုမျိုး အစိုးရအဖွဲ့ကနေ ကျနော်တို့အပေါ် ကန့်သတ်မှုရှိနေတဲ့အတွက်ကြောင့် လုပ်ငန်းနှောင့်နှေးမှုရှိနေတယ်၊ နောက်ပြီးတော့ ဘဏ္ဍာကို အဟောသိကန်ဖြစ်မှုရှိနိုင်တယ်၊ အစိုးရအဖွဲ့မှာ တာဝန်အပြည့်အဝရှိတယ်၊ ဒါကြောင့်မို့ ဒီလိုမျိုးဖြစ်နေတဲ့အခြေအနေမှာ ကျနော့်ကော်မတီအပေါ် ကျရောက်လာတဲ့တာဝန်အရသော်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်အရသော်လည်းကောင်း ဥပဒေအတိုင်းသော်လည်းကောင်း မပေးမရ ပေးကို ပေးရမယ့်အခြေအနေဖြစ်တယ်၊ ဒါကြောင့်မို့ ဒီအဆိုကို ထောက်ခံတာဖြစ်တယ်” ဟု မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးဇံက ပြောသည်။

လွှတ်တော်ရေးရာကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များတို့မှ သက်ဆိုင်ရာပြည်နယ်၊ ခရိုင်၊ မြေစာရင်း၊ လဝက ဆောက်လုပ်ရေး ပညာရေး ကျန်းမာရေးစသည့်ဌာနဆိုင်ရာများကို လွှတ်တော်သို့ အခါအားလျော်စွာ ဖိတ်ကြား၍ ၎င်းတို့၏ လုပ်ငန်းဆောင်တာများနှင့် သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ အချက်အလက်များရယူခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် တွေ့ဆုံရန် ဖိတ်ကြားရာတွင် ပြည်နယ်အစိုးရအဖွဲ့ ခွင့်မပြုသည့်အခြေအနေရှိနေသည်ဟု သိရသည်။

ထိုသို့ လွှတ်တော်ရေးရာကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ လုပ်ငန်းအကောင်အထည်ဖော်နိုင်ရန် အစိုးရအဖွဲ့မှ ကန့်သတ်နေခြင်းကြောင့် လုပ်ငန်းနှောင့်နှေးစေပြီး ပြည်သူအတွက် နစ်နာစရာဖြစ်သည်ဟု သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

“ဒီလိုလုပ်ခြင်းအားဖြင့် လုပ်ငန်းနှောင့်နှေးဖြစ်တယ်၊ နှောင့်နှေးတော့ တကယ်တမ်းနစ်နာတာဟာ ပြည်သူဘဲ နစ်နာသွားတယ်၊ ပြောရမယ်ဆိုရင် အချင်းချင်း လွှတ်တော်နဲ့ အစိုးရ ညှိနှိုင်းပြီးတော့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်” ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

ထိုသို့ လွှတ််ရေးရာကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကန့်သတ်နေမှုများအား ရပ်တန့်ရန် လွှတ်တော်ကိုယ်စားလှယ်တို့၏ တောင်းဆိုသည့် အရေးကြီးအဆိုအပေါ် ပြည်နယ်အစိုးရအဖွဲ့ဘက်က တစ်စုံတစ်ရာ ပြောကြားလိုခြင်းမရှိကြောင်းဟု ဆိုသည်။

ထို့ကြောင့် ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ရ ဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိ အစည်းအဝေး၌ မွန်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်ပြီး ဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော်တွင် ကိုယ်စားလှယ်စီစစ်ရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများရေးရာကော်မတီ၊ ဥပဒေအကြံပြုစီစစ်ရေးကော်မတီ၊ ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၊ တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စီစစ်ရေးကော်မတီ၊ အစိုးရ၏ကတိကဝတ်များ လေ့လာစောင့်ကြည့်ရေးကော်မတီ စသည့် ကော်မတီ ရ ရပ်တို့ ပါဝင်လျက်ရှိသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...