မြို့နယ် ၄ ခုရှိ ကျောင်းမုန့်စျေးတန်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက် တစ်လထပ်တိုးမည်

မြို့နယ် ၄ ခုရှိ ကျောင်းမုန့်စျေးတန်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးစီမံချက် တစ်လထပ်တိုးမည်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ် မြို့နယ် ၄ မြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် ရောင်းချနေသည့် ကျောက်မုန့်စျေးတန်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက်ကာလကို တစ်လထပ်တိုး စစ်ဆေးသွားမည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ပေါင်၊ သံဖြူဇရပ်၊ ဘီးလင်းနှင့် ရေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်းပေါင်း ၆၂၅ ကျောင်းရှိ ကျောင်းမုန့်စျေးတန်းများကို ၂၀၁၆ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလထိ စစ်ဆေးရန် စီမံချက်ကာလ သတ်မှတ်ထားသော်လည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီလထိ စစ်ဆေးရန် စီမံချက်ကာလထပ်တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

“အရင်လတွေက သိမ်းယူထားတဲ့ အရောင်ပါ မုန့်တံဆိပ်မျိုးစုံနဲ့ သံသယရှိတဲ့မုန့်အချို့ကို  ၉ လပိုင်းက နေပြည်တော်ပို့ထားတာ တချို့တစ်ဝက်ပဲ အဖြေသိသေးတယ်၊ တချို့တစ်ဝက်ကို မသိသေးတော့ ကျောက်မုန့်စျေးတန်းတွေကို ပြန်စစ်ဆေးဖို့ တစ်လပြန်တိုးသွားတဲ့သဘောပါ” ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူခင်က ပြောသည်။

ကျောက်မုန့်စျေးတန်း စစ်ဆေးမှု စီမံချက်ကာလအတွင်း ကျောင်းမုန့်စျေးတန်းစျေးသည်များ အသိမ်းမခံဘဲ ပြဿနာရှာလျှင် အရေးယူမှုပြုလုပ်သွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“ကျောင်းမှာ ရောင်းတဲ့မုန့်တွေကို ကျမ မိခင်တစ်ယောက်အနေနဲ့ စနစ်တကျ စစ်ဆေးစေချင်တယ်၊ အထူးသဖြင့် ခလေးတွေအကြိုက် လုပ်ထားတဲ့မုန့်တွေ အရောင်စုံပါဘဲ၊ ဒါကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်စေချင်တယ်” ဟု မူလတန်းကျောင်းသူတစ်ဦး၏ မိခင်က ပြောသည်။

၂၀၁၄-၂၀၁၅ ခုနှစ်က ကျောင်းကျန်းမာရေးအဖွဲ့ရှိသည့် မော်လမြိုင်၊ သထုံနှင့် မုဒုံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်း စုစုပေါင်း ၄၂၀ ရှိ မုန့်စျေးတန်းတို့တွင် အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ခဲ့ကြောင်း ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

ကျောင်းမုန့်စျေးတန်း အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက် ပြုလုပ်မည့် မြို့နယ်များတွင် ကျောင်းမုန့်စျေးတန်းမှ အသင့်ထုပ်ပိုးပြီး (အမှတ်တံဆိပ်ပါ) အရောင်ပါသော အစားအသောက်များကို သက်ဆိုင်ရာ ကျောင်းကျန်းမာရေးအဖွဲ့များမှ နမူနာကောက်ယူခြင်းဖြစ်သည်။

June 12, 2026
မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနေပြီးဖြစ်သဖြင့်...
June 11, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...
June 10, 2026
မွန်ပြည်နယ်အတွင်းရှိ ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်များ ထိုင်းကုန်ပစ္စည်း မသယ်ဆောင်ရန် ပြည်နယ်...
ပုံ-IMNA Data Visualisation
June 9, 2026
မြန်မာပြည်တောင်ပိုင်းဒေသများဖြစ်သည့် မွန်၊ ကရင်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စစ်ကော်မရှင်...