စက်သုံးဆီ စျေးထက်ဝက်မြင့်တက်၍ တနိုင်းဒေသခံများ အခက်တွေ့

စက်သုံးဆီ စျေးထက်ဝက်မြင့်တက်၍ တနိုင်းဒေသခံများ အခက်တွေ့
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ကချင်ပြည်နယ် တနိုင်းမြို့တွင် စက်သုံးဆီ စျေးနှုန်း ထက်ဝက်ခန့် မြင့်တက်လာမှုကြောင့် ဒေသခံပြည်သူများ အနေဖြင့် ၀ယ်ယူသုံးစွဲရန် အခက်တွေ့နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့မှ တနိုင်းမြို့သို့ စက်သုံးဆီ တင်ဆောင်လာသည့် ဆီကားများကို ဖားကန့်မြို့နယ် ဒွန်ဘန်ကျေး ရွာအုပ်စု၊ မန်ပန်ကျေးရွာရှိ ဂိတ်မှ တနိုင်းမြို့နယ်အတွင်းသို့ ၀င်ရောက်ခွင့် မပြုသည့်အတွက် စက်သုံးဆီစျေး နှုန်း မြင့်တက်လာခြင်း ဖြစ်သည်ဟု ဒေသခံများကပြောသည်။

"ကျနော်တို့လည်း ဘာလို့ပိတ်လည်းဆိုတာ မသိဘူး။ ပိတ်ထားတဲ့အကြောင်းကို ကျနော်တို့လည်း သိချင်တာ။ ပိတ်တော့ ပြည်သူတွေက ဒုက္ခရောက်ကုန်တာပေါ့။ အခုလိုပိတ်လိုက်တဲ့အတွက် ဆီစျေးက ဒီဇယ်ဆိုရင် ၃၅၀၀ ကနေ ၄၇၀၀ ဖြစ်သွားတယ်။ ဓာတ်ဆီကတော့ ၃၈၀၀ ကနေ ရ၀၀၀ ထိ စျေးတက်သွားတယ်။" ဟု အမည် မဖော်လိုသူ စက်သုံးဆီ ကုန်သည်တစ်ဦးက ပြောသည်။

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းသို့ ယခင်က တစ်လလျှင် ဆီပေပါ အလုံးရေ (၅၀၀၀) တင်သွင်းခွင့် ပေးထားပြီး၊ လွန်ခဲ့သည့် သုံးလမှ စ၍ သတ်မှတ်ထားသည့် အလုံးရေ အရေအတွက်ထက် ကျော်လွန်ပါက လမ်းတွင် တားဆီးထားကြောင်း ဒေသခံများမှ ပြောသည်။

တနိုင်းမြို့အတွင်းသို့ စက်သုံးဆီတင်သွင်းမှု အခြေအနေနဲ့ ပတ်သက်ပြီး"ဒီဇယ်၊ ဓါတ်ဆီ စက်သုံးဆီတွေကိုက ဒီဖက်မှာ KIA ထိန်းချုပ်နယ်မြေတွေထဲမှာ တရားမဝင်တဲ့ ရွှေမှော်တွေ ပယင်းမှော်တွေ အဲ့လိုမျိုးမှော်တွေ ရှိပါ တယ်။ မှော်တွေထဲမှာ ကျနော်တို့ အစိုးရကနေ ခွင့်ပြုမထားတဲ့ အဲ့ဒီဖက်ကို မရောက်ရအောင် တပ်မတော်ရဲ့ အစီအစဉ်နဲ့ပဲပေ့ါနော်။ ကန့်သတ်တာထက် ပိုနေတဲ့ဟာတွေပေါ့နော်။ ကျနော်တို့ တနိုင်းမြို့ကိုတော့ မပိတ်ပါဘူး။ တနိုင်းမြို့ပေါ် လူထု အမှန်တကယ်သုံးစွဲလို့ရမယ့် စက်သုံးဆီတွေကို တရားဝင် ခွင့်ပြုပေးပြီးတော့ မှော်တွေဘက် ကို မရောက်အောင် တပ်မတော်ရဲ့ အစီအစဉ်နဲ့ပဲ ဂိတ်တွေမှာ စစ်ဆေးပြီးတော့ လုပ်ဆောင်နေတာ တားဆီး တာတွေ လုပ်တာပါ။" ဟု တနိုင်းမြို့နယ်၊ ရဲတပ်ဖွဲ့မှ မြို့နယ်မှူး ယာယီရဲမှူး မင်းစုဦးက ပြောသည်။

ယခင်က စက်သုံးဆီကားများအား တနိုင်းမြို့အတွင်းသို့ ၀င်ရောက်ခွင့်အား ဟန့်တားပိတ်ဆို့ထားသော်လည်း ယခုလောက် အခြေအနေမဆိုးကြောင်း၊ ယခုအချိန်တွင် စက်သုံးဆီများအား တင်သွင်းခွင့် ပိတ်ထားသည်မှာ ရက်သတ္တပတ် ၃ ပတ် ခန့် ရှိနေပြီ ဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ စက်သုံးဆီ တင်ဆောင်လာသည့် ကားများအား တနိုင်းမြို့အတွင်းသို့ ၀င်ရောက်ခွင့်မပြုပဲ လမ်းတွင် ဟန့်တားထားသည့်အတွက် စက်သုံးဆီစျေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ စက်သုံးဆီ ၀ယ်ယူသုံးစွဲသူ၊ ပြည်သူများမှ မိမိတို့၏ ခံစားချက်ကို ယခုလိုပြောသည်

"စစ်တပ်က စက်သုံးဆီတွေကို လမ်းတွေမှာ ပိတ်ထားပေးတော့ ဆီစျေးက အရမ်းတက်လာတယ်၊ စစ်တပ်က ဆီတွေကို မှော်တွေကို မရောက်အောင် ပိတ်ချင်တယ်ဆိုရင်လည်း မှော်လမ်းတွေမှာ ပိတ်ပေါ့ အခုက မြို့ထဲကို ၀င်တဲ့ လမ်းတွေမှာ ပိတ်တော့ ကြားကနေ ပြည်သူတွေက ဒုက္ခရောက်တာပေါ့" ဟု စက်သုံးဆီ သုံးစွဲသူ ဒေသခံ တစ်ဦးက ပြောသည်။

စက်သုံးဆီကားများအပြင် ဆန်တင်ပို့သည့် ကားများကိုလည်း တနိုင်းမြို့အတွင်းသို့ ၀င်ရောက်ခွင့်မပြုပဲ ဟန့် တားပိတ်ဆို့ထားသည်ဟု သိရသည်။

"ဆန်ကားတွေကိုလည်း ပိတ်ထားတယ်၊ ဘာကြောင့် ပိတ်တာလည်းတော့ မသိဘူး၊ တပ်က ပိတ်တယ်လို့ဘဲ သိတယ်၊ ဆန်ကားတွေ ပိတ်လည်း အခုအချိန်မှာတော့ ဆန်စျေးက ပုံမှန်ပါဘဲ။ အခုက နောင်မိီးက ဆန်တွေနဲ့ အစားထိုးရောင်းချနေရတာပေါ့ " ဟု ဆန်ကုန်သည် တစ်ဦးက ပြောသည်။

၂၀၁၁ ခုနှစ် နောက်ပိုင်း ကချင်ပြည်နယ် တနိုင်းမြို့တွင် ရွှေမှော်၊ပယင်းမှော်များ အလွန်ပေါများလာပြီး၊ မြန်မာ နိုင်ငံ အရပ်ရပ်မှ ရွှေပြောင်းအလုပ်သမားများ တနိုင်းမြို့သို့ လာရောက်ကာ လုပ်ကိုင်လာကြသည်။

တနိုင်းမြို့ရှိ ဒေသခံပြည်သူများအပြင် ရွှေမှော်၊ပယင်းမှော် တူးဖော်လုပ်ကိုင်သူများ အနေဖြင့်လည်း လုပ်ငန်း လည်ပတ်နိုင်ရန်အတွက် စက်သုံးဆီများ အသုံးပြု ရသည့်အတွက် ယခုကဲ့သို့ စက်သုံးဆီ ဟန့်တားထားမှု ကြောင့် လုပ်ငန်းလည်ပတ်နိုင်ရန် ခက်ခဲလာကာစားဝတ်နေရေးထိခိုက်လာကြောင်း သိရသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...