တောင်ကြီး မောက်မယ်တွင် အရပ်ဘက် ရွာများကို အသေခံ ဒရုန်းများ ဖြင့် ပစ်ခတ်

တောင်ကြီး မောက်မယ်တွင် အရပ်ဘက် ရွာများကို အသေခံ ဒရုန်းများ ဖြင့် ပစ်ခတ်

မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့် ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။

ရှမ်းပြည် တောင်ပိုင်း၊ မောက်မယ်မြို့နယ်ရှိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ထိန်းချုပ် ရာ ကဒူးကြီးဒေသအတွင်းသို့ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့တို့က နည်းပညာမြင့် အသေခံ ဒရုန်းများ အသုံးပြုကာ ကျေးရွာများအတွင်းသို့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

PNLA စစ်ဖက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ဒါက တိုက်ပွဲ ဖြစ် ပွားတဲ့နေရာ မဟုတ်သေးဘူး၊ ရွာ ထဲမှာ။ ပြည်သူလူထုတွေရဲ့ ကျေးရွာထဲကို ဒီလိုမျိုး ဒရုန်းတွေ၊ လက်နက်ကြီး တွေနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါ တယ်။ ဒါတွေက မလုပ်သင့်မလုပ်ထိုက် မလုပ်အပ်တဲ့ အလုပ်ရပ်တွေကို အကြိမ်ကြိမ် ကျူးလွန်နေတာ ဖြစ်ပါ တယ်။ ဒီကတူးကြီးဒေသဟာ၊ ဘန်းမောက်ဒေသဟာ ငြိမ်းချမ်းတဲ့ဒေသ နေရာဖြစ်ပါတယ်။ ဒါကို စစ်မီးလာ ရောက်ဖော်ဆောင်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကဒူးကြီးဒေသအတွင်းရှိ ဗန်းမတ်၊ မုဲင်းဟုဲင်း နှင့် ဟမ်းဗွာ ကျေးရွာ ၃ ခုကို ဖေဖော် ဝါရီလ ၁၃ ရက်နေ့က တစ်နေကုန်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း လက်ရှိအထိ စစ်ကော်မရှင်ဘက်က အသုံးပြုသည့် အသေခံဒရုန်း ၅ စင်းကို သိမ်းဆည်းရမိထားကြောင်း PNLA က ဆိုသည်။

စစ်ကော်မရှင်နှင့် PNA ပူးပေါင်းတပ်များက ယခုအခါ တရုတ်နိုင်ငံထုတ် FPV (First Person View) အမျိုးအစား အသေခံဒရုန်းများကို အသုံးပြုလာပြီး ယင်းဒရုန်းများသည် ၆၀ မမ ဗုံးသီးများ တင်ဆောင်ကာ VR မျက်မှန်ဖြင့် ပစ်မှတ်ကို ရှင်းလင်းစွာကြည့်ရှု မောင်းနှင်နိုင်သည့်စနစ်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ယခုအသုံးပြုသည့် ဒရုန်းများမှာ လှိုင်းနှုန်း (Frequency) အသုံးပြုခြင်း မဟုတ်ဘဲ အော့ပတစ်ဖိုင်ဘာ (Optic Fiber) ကြိုးစနစ်ကို အသုံးပြုထားသည့်အတွက် ပစ်မှတ်တိကျမှု ပိုမိုမြင့်မားလာကြောင်း ခွန်ရိန်းယံက သတိပေးထားသည်။

“အဲဒီကားပေါ်မှာ တင်ထားတဲ့ အမြင်က အဲဒါ ကားက အသေခံဒရုန်းမှာ သုံးတဲ့ ကြိုး၊ အော့ပတစ်ဖိုင်ဘာ (Optic Fiber) ကြိုးတွေလေ။ သူတို့ဟာ ဒီ Frequency လိုင်းနဲ့မဟုတ်ဘဲနဲ့ အဲဒီ အော့ပတစ်ဖိုင်ဘာကြိုးနဲ့ သုံးတဲ့ အသေခံဒရုန်းတွေပေါ့လေ” ဟု ၎င်းက ဒရုန်း၏ နည်းပညာပိုင်းနှင့် ပတ်သက်၍ ပြောသည်။

မောက်မယ်မြို့နယ် ကဒူးကြီးဒေသတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်ကလည်း စစ်ကော်မရှင်တပ်နှင့် PNA တပ်များက ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

တစ်လတာအတွင်း လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် လူနေအိမ် အလုံးရေ ၂၀ အထိ မီးလောင် ပြာကျပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသည့် ဒေသခံများမှာလည်း ဆေးဝါးကုသမှု ခံယူနေရဆဲ ဖြစ်သည်။

လက်ရှိတွင် ကဒူးကြီးဒေသ၌ စစ်ကော်မရှင်တပ်များက နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ သည့်အတွက် ကျေးရွာနေပြည်သူများမှာ ဘေးလွတ်ရာ တောတောင်များအတွင်းသို့ တိမ်းရှောင်နေကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိကြောင်း ဆိုသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...