မယူကမ်းရန်အောင်ပြင်ရွာကို စစ်တပ်ကဝိုင်းထားပြီး အိမ်ထောင်စုစာရင်းစစ်နေဟုဆို

မယူကမ်းရန်အောင်ပြင်ရွာကို စစ်တပ်ကဝိုင်းထားပြီး အိမ်ထောင်စုစာရင်းစစ်နေဟုဆို

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း ရန်အောင်ပြင်ရွာကို စစ်တပ်က ဝိုင်းထားပြီး ရွာသားများကို ဓမ္မာရုံတွင်စုခိုင်းကာ အိမ်ထောင်စုစာရင်းများကို စစ်နေသည်ဟု ရွာသားများက ပြောကြားသည်။

“ စစ်တပ်က ၆ နာရီကျော်လောက်ကတည်းက ရောက်နေတယ်ထင်ပါတယ်။ ရွာသားတွေကို ဓမ္မာရုံမှာ စုခိုင်းတာက နံနက် ၈ နာရီခွဲ၊ ၉နာရီလောက်မှာ ဖြစ်ပါတယ်။ တစ်ယောက်မှ ရွာထဲမှာနေလို့ မရဘူး။ ဓမ္မာရုံကို အကုန်လုံး သွားကြရပါတယ်” ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

ယခုစစ်ဆေးမှုသည် ဇူလိူင် ၂ဝ ရက်နေ့ နံနက်က မေယူမြစ်အတွင်း ကျောက်ချရပ်ထားသည့် ရေတပ် သင်္ဘော ၃ စီး အား AA မှ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မယူကမ်းမှ ကျေးရွာ တစ်ရွာကို ပထမဆုံးအကြိမ် ဝင်ရောက်စစ်ဆေးခြင်း ဖြစ်သည်။

လက်ရှိ ရန်အောင်ပြင်ရွာတွင် ပြာပင်ရင်းရွာမှ ခိုလှုံရန် ရောက်ရှိနေသူ ၁ဝဝ ကျော်နှင့် လုံးတင်ရွာမှ ၁ဝဝ ကျော်ရှိကြောင်း၊ ရွာသားများနှင့် ပေါင်းလျှင် စုစုပေါင်း လူဦး ၆ဝဝ ကျော်စစ်ဆေးခံနေရကြောင်း ၎င်းက ပြောကြားသည်။

စစ်ကြောင်း ဝင်ရောက်လာသဖြင့် ကြောက်လှန့်၍ တစ်ခြားရွာသို့ ထွက်ပြေးလာသူ ရန်အောင်ပြင် ကျေးရွာသား  တစ်ဦးက “ ကျွန်တော်တို့က အခု ရွာပြင်ကိုရောက်နေပါတယ်။ အိမ်ထောင်စု စာရင်း စစ်နေတာလောက်ဘဲ သိရပါတယ်။ ဖမ်းတာဆီးတာတို့၊ အိမ်တွေကို တက်ရောက်ရှာဖွေတာမျိုးတော့ မကြားရသေးဘူး။ ဒါပေမယ့် ဖုန်းတွေအကုန်လုံးပိတ်ထားကြတဲ့ အတွက် ရွာထဲမှာ အမှန်တကယ် ဘာဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ သေချာ မသိပါဘူး”ဟု ပြောကြားသည်။

ယခုလက်ရှိအချိန်ထိ ရွာထဲနှင့်ရွာပြင်သွားလာမှုကို ပိတ်ပင်ထားပြီး စစ်သားများမှာလည်း ရွာကိုလေးဘက် လေးတန်က ပိတ်ဆို့ထားသည်ဟု ၎င်းက ပြောကြားသည်။

ရွာထဲမှ ယေင်္ာကျားများမှာ စစ်တပ် ရွာကိုရောက်လာကတည်းက ထွက်ပြေးသွားကြသဖြင့် ယခု စစ်ဆေးခံနေရရာတွင် အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်သို့ ဆက်သွယ်ရာ ရန်အောင်ပြင်ရွာတွင် ရွာသားများကို စစ်တပ်က အိမ်ထောင်စု စာရင်း စစ်ဆေးနေသည်မှာ မှန်ကန်ကြောင်း ပြောကြားသည်။

(ဓာတ်ပုံ- ရန်အောင်ပြင် ဓမ္မာရုံ)

ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...