မွန်အစိုးရအဖွဲ့၏ ပထမ (၆) လပတ်အစီရင်ခံစာ ပြန်လည်ပြင်ဆင်ရေးသားရန် လွှတ်တော်ဆုံးဖြတ်

မွန်အစိုးရအဖွဲ့၏ ပထမ (၆) လပတ်အစီရင်ခံစာ ပြန်လည်ပြင်ဆင်ရေးသားရန် လွှတ်တော်ဆုံးဖြတ်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်အစိုးရအဖွဲ့၏  ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လပတ်အစီရင်ခံစာ၌  ထည့်သွင်းဖော်ပြထားသည့် အချက်အလက်အများစုတွင် လွဲချော်မှုများရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များမှ သုံးသပ်ထားသဖြင့်  ၄င်းအစီရင်ခံစာကို စီစစ်ပြင်ဆင်ရေးဆွဲပြီး ပြန်လည်တင်ပြပေးရန် ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပသည့် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် လွှတ်တော်မှဆုံးဖြတ်ခဲ့သည်ကို တွေ့ရှိရသည်။

အဆိုပါ ပထမ (၆) လပတ်အစီရင်ခံစာအား ပြီးခဲ့သည့် ဒီဇင်ဘာလ (၇) ရက်နေ့က ကျင်းပသည့် ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရကိုယ်စား လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီးဌာန၊ ၀န်ကြီး ဦးမင်းထင်အောင်ဟန်မှ ဖတ်ကြားတင်သွင်းခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက “ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ပထမ (၆) လ အစီရင်ခံစာတင်သွင်းခြင်းနဲ့ ပတ်သက်ပြီးတော့  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးဆွေးနွေးထားပြီး ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်အရ ဒီအစီရင်ခံစာကို ပြည်နယ်အစိုးရအနေနဲ့ စီစစ်ပြင်ဆင်ရေးသားပြီး ပြန်လည်တင်ပြပေးရန် ပြည်နယ်လွှတ်တော်မှ ဆုံးဖြတ်ကြောင်း ကြေညာပါတယ်”  ဟု ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပထမ ၆လပတ် (ဧပြီလမှ စက်တင်ဘာလအထိ) အစီရင်ခံစာတွင် အဓိကကွဲလွဲမှုရှိနေသည့်  မွန်ပြည်နယ်ရှိ ကျေးရွာအုပ်စု ၃၄၁ အုပ်စုတွင် ခိုင်းကျွဲ၊ ခိုင်းနွား ၆ သိန်း ၅ သောင်းရှိနေသည်မှာ ကိန်းဂဏန်းကွဲလွဲမှုရှိနေခြင်း၊  နယ်စပ်ရေးရာ-နတလ ဘတ်ဂျက်နှင့် ပတ်သက်၍ လမ်း၊ တံတား ဆောင်ရွက်ပြီးစီးမှုအခြေအနေမှာလည်း  အစီရင်ခံစာတွင် ထည့်သွင်းထားမှု မရှိခြင်း၊ ပြည်သူများ နားမလည်နိုင်သည့် အသုံးအနှုန်း ဖော်ပြထားခြင်း စသည့် အချက်များကြောင့် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြပြောကြားခဲ့ခြင်း ဖြစ်သည်။

ကျိုက်ထိုအမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ဒေါက်တာအေးဇံ က”  ဒီအစိုးရအစီရင်ခံစာလေ့လာကြည့်တဲ့အခါကျတော့ စီးပွားရေးကဏ္ဍအနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ပြည်နယ်မှာ လယ်ဧက ရ သောင်းကျော် လယ်ယာစိုက်ပျိုးနေတာ တွေ့ရပါတယ်၊ ဒါကတော့ မှန်ကန်တဲ့အခြေအနေဖြစ်ပါတယ်၊  ဒါပေမယ့် ခိုင်းကွဲျခိုင်းနွားကိစ္စမှာ ခိုင်းကျွဲဆိုရင် ၁ သိန်းလောက်ရှိပြီးတော့ ခိုင်းနွားဆိုရင် ၅ သိန်း ၅ သောင်းလောက်ရှိတယ်၊ အစီရင်ခံစာအရဆိုရင် ၆ သိန်း ၅ သောင်းလောက်ရှိမယ်၊ ဒါကတော့ မြေပြင်အခြေအနေနဲ့ ဘယ်လိုမှ ကိုက်ညီမှု မရှိတဲ့ အခြေအနေဖြစ်နေတယ်” ဟု ပြောသည်။

 အစီရင်ခံစာ၌ ကျေးရွာတစ်ရွာတွင် ခိုင်းကျွဲခိုင်းနွား ၂ ထောင်ဖော်ပြထားသည်မှာ မြေပြင်အခြေအနေနှင့် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း၊ ပွင့်လင်းမြင်သာမှုရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် အစီရင်ခံစာမျိုးကို တင်ပြပေးစေလိုကြောင်း နှင့် ယခင်ခေတ်က ညွှန်ကြားရေးမှူးရေးသားပြီး ပြည်သူကိုချပြသည့် အချက်အလက်များသည် မှန်ကန်မှုမရှိကြောင်း ဒေါက်တာအေးဇံ က ထောက်ပြပြောဆိုသည်။

အဆိုပါအစီရင်ခံစာကို ပြန်လည် မစီစစ်ရသေးသည့်အတွက် မည်မျှလွဲချော်မှုမည်မျှရှိသည်ကို မပြောနိုင်သေးကြောင်း၊ အစိုးရသစ် သက်တမ်းတွင် အခြေခံကျသည့် ကိန်းဂဏန်းအချက်လက်ဖြစ်အောင် ပြန်လည်စီစစ်သွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုရေး မွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ဝန်ကြီး ဦးထွန်းဌေးက “ ဒီ (၆) လပတ်အစီရင်ခံစာကလည်း ရှေးတုန်းက အစီရင်ခံစာနဲ့ အချက်အလက်အပေါ် အခြေခံထားတဲ့ သဘောရှိပါတယ်၊ အစီရင်ခံစာမှာ အချက်အလက် လွဲချော်နေတာကလည်း ပြန်လည်စီစစ်ပြီးတော့မှ ပြောနို်င်မယ်” ဟု ပြောသည်။

အဆိုပါ အစီရင်ခံစာအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့်ဒေါ်ခိုင်ခိုင်လဲ့၊ ဒေါက်တာ ခင်နိုင်ဦး၊ ဒေါက်တာ အေးဇံ၊ ဦးအောင်ကျော်သူ၊  ဦးထွန်းမင်းအောင်၊ ဦးဇော်ဇော်ထူး၊ ဒေါ်ကြည်ကြည်မြ၊ ဒေါ်ခင်မျိုးမြင့်၊ ဒေါ်မြသိဂႚင်္မော်၊ ဦးချစ်တင်၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦး၊ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး တို့ လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော်တွင် မြို့နယ် ၁၀ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ၂၀ ဦး၊ ကရင်၊ ပအိုဝ်း၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၃ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

လက်ရှိ NLD အစိုးရသစ်သက်တမ်း ၈ လကျော်အတွင်း မွန်ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် တိုင်ကြားစာများကြောင့် NLD ပါတီဗဟို၏ စုံစမ်းစစ်ဆေးမေးမြန်းခြင်းကို ခံယူနေရဆဲဖြစ်သည်ဟု သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး(MNA)

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...