ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပခြင်းသည် NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်ဟု UNFC ပြော

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပခြင်းသည် NCA နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်ဟု UNFC ပြော
by -
မွန်သတင်းအေဂျင်စီ
NCA လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့နှင့်သာ လာမည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပရန်ဆောင်ရွက်နေခြင်းသည် NCA နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုစေနိုင်ကြောင်း ဒီဇင်ဘာလ ၁၃ ရက်နေ့က ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ပတ်သက်ပြီး UNFC ကြေညာချက် ထုတ်ပြန်ရာတွင် ရေးသားဖော်ပြသည်။

“တစ်နိုင်ငံလုံးငြိမ်းချမ်းဖို့အတွက် လက်နက်ကိုင်တိုင်းရင်းသားအားလုံး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့လိုတယ်၊ အခုလက်ရှိမှာတော့ NCA လက်မှတ်ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့  ၈ ဖွဲ့ပဲပါဝင်နေတယ်၊ အဲဒီ ၈ ဖွဲ့နဲ့ပဲလုပ် ဆောင်သွားဖို့ စီစဉ်နေတယ်ဆိုတာက မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူးလို့ ကျနော်တို့မြင်တယ်” ဟု UNFC ဒု- ဥက္ကဋ္ဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီသို့ ယနေ့တွင် ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၂၀ ကျော်ရှိသည့်အနက် ၈ ဖွဲ့သာ ပါဝင်လက်မှတ်ရေးထိုးခဲ့ ခြင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာမဆောင်သလို NCA စာချုပ်တွင်ပါဝင်သည့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့်များအရ နိုင်ငံရေးမူဘောင် မူကြမ်းရေးဆွဲခြင်း၊ အတည်ပြုခြင်းတို့မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာ မဆောင်နိုင်သည့်အပြင် အားလုံးပါဝင်မှုလည်း မရှိကြောင်း ထုတ်ပြန်ကြေညာချက်တွင် ရေးသားထောက်ပြထားသည်။

“ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို  ဆက်လက် အကောင်အထည်ဖော်မယ်ဆိုရင် နိုင်ငံရေးဆွေးနွေးပွဲကို လက်နက်ကိုင်တိုင်းရင်းသားအားလုံး ပါဝင်ဆွေးနွေးပြီး လက်ခံနိုင်မှရှေ့ဆက် လုပ်ဆောင်ရင် ပိုပြီးထိရောက်မှုရှိတယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။    

တဖက်တွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင်တို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ၌ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံတွင် တင်ပြနိုင်ရန်  အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးဟာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို စတင်နိုင်ဖို့အတွက် ပြင်ဆင်မှုက ပြည့်စုံလုံလောက်ခဲ့ပြီ ” ဟု ဆိုသည်။

သို့ရာတွင် ၂၁ ရာစုပင်လုံညီလာခံသည် ပင်လုံစိတ်ဓာတ်ကိုအမှန်တကယ်အခြေခံလျှင် ပင်လုံတွင်ထားရှိခဲ့သည့် ပြည်ထောင်စု အမြုတေကတိကဝတ်နှင့် ပင်လုံစာချုပ်ပါ အချက်အလက်များကို မျက်ကွယ်ပြုလိုက်ပါက စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ရန် အလှမ်းဝေး နေဦးမည်ဖြစ်ကြောင်း၊ စစ်မှန်သည့်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရန် ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာနိုင်သည့် ပတ်ဝန်းကျင်ကောင်းနှင့် အားလုံးပါဝင်နိုင်သည့်အခင်းအကျင်းကို အမြန်ဆုံး ဖော်ဆောင်ပေးရန်လိုအပ်ကြောင်း UNFC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Caption- ၂၁ ရာစုပင်လုံညီလာခံ(ပထမအစည်းအဝေး) တွင် နိုင်ဟံသာ အားသတင်းထောက်များမေးမြန်းခဲ့စဉ်(21 C Peace News Lab)

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...