မိုင်းကိုင်မြို့ သံဃာတော်နှင့်ဒေသခံများ ကန့်ကွက်သည့်ကြား ကုမ္မဏီက RCSS အမည်အားအသုံးပြုပြီး ကျောက်မီးသွေးတူးဖော်နေ

မိုင်းကိုင်မြို့ သံဃာတော်နှင့်ဒေသခံများ ကန့်ကွက်သည့်ကြား ကုမ္မဏီက RCSS အမည်အားအသုံးပြုပြီး ကျောက်မီးသွေးတူးဖော်နေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် သံဃာတော်များနှင့်မြို့မိမြို့ဖ များမှ တားဆီးသည့်ကြားမှ RCSS မှ ခွင့်ပြုသည်ဟုဆိုကာ ကုမ္ပဏီ မှ ကျောက်မီးသွေးများအား တူးဖော်နေသောကြောင့် ကွင်းဆင်း စစ်ဆေးအရေးယူပေးရန် ဒေသခံလူထုက တောင်းဆိုလိုက်သည်။

ဇွန်လ ၁၄ ရက်နေ့က မိုင်းကိုင်မြို့နယ် သံဃာတော်နှင့် ဒေသခံပြည်သူလူထုတို့က မိုင်းကိုင်မြို့နယ် ၀မ်ယတ် ခမ်းနားအုပ်စု ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းနေရာသို့သွားရောက်ကြည့်ရှုရာ ယခင်ကဟိန်းမေတ္တာ တူးဖော်ခဲ့သောနေရာနှင့် အရှေ့တောင်ဘက်အရပ် မီတာ ၃၀၀ ခန့်ဝေးသည့်နေရာတွင် ဦးအိုက်ချုံ ကုမ္မဏီမှ လူတရပ်စာခန့်အနက်အထိတွင်းကြီး ၂ တွင်းကို တူးဖော်နေကြောင်း တွေ့ရသည်ဟု မိုင်းကိုင် ဒေသခံ များပြောပြချက်အရ သိရသည်။

မိုင်းကိုင်မြို့မှ ဆရာတော်ဦးသောတေယ က – “ဘုန်းဘုန်းတို့သွားကြည့်တယ်အခု သူတို့ တူးဖော်နေတယ် နေရာအသစ်မှာ။ အဲ့မှာက မိုင်းကိုင်ဒေသခံတွေ လယ်ယာစိုက်ပျိုးရေးအတွက်အသုံးပြုနေတဲ့ ခီတန်ချောင်းဖျား တည့်တည့်မှာဖြစ်နေတယ်။ ချောင်းပျက်စီးတိမ်ကောမှာ မလွဲဧကန်အမှန်ဘဲ ။ လူတရပ်စာအနက်လောက်ရှိပြီ တားနေတဲ့ကြားက သူတို့ဆက်ပြီးတူးနေတာ။ မြေစာတွေထုတ်နေတယ် ”- ဟု သျှမ်းသံတော်ဆင့်အားမိန့်တော်မူသည်။

အဆိုပါကျောက်မီးသွေးတူးဖော်ခွင့်အား ၂၀၂၀ ခုနှစ်အထိ နေပြည်တော် အစိုးရက ခွင့်ပြုချက်ရထားသည်ဟုသိရသည်။ သို့သော် ဆရာတော်က –

“RCSS ရဲ့ခွင့်ပြုချက်လို့ပြောတယ်။ အစိုးရခွင့်ပြုချက်လို့တော့ပြောဘူး။ ဒီအတွက် ဘုန်းဘုန်းတို့ RCSS ရဲ့ ဆက်ဆံရေးရုံးကိုသွားပြီး ဆွေးနွေးပါမယ်။ အခွင့်သာရင် RCSS ရဲ့ဥက္ကဌကြီးကိုပါ သွားတွေ့ခွင့်တောင်းမယ် ” -မိန့်သည်။

၄င်းနှင့်ပတ်သက်ပြီး တောင်ကြီးမြို့ရှိ RCSS ဆက်ဆံရေးရုံးသို့လည်းကောင်း၊ ဌာနချုပ်ရှိပြောခွင့် ရပုဂ္ဂိုလ်ထံသို့ လည်းကောင်း သျှမ်းသံတော်ဆင့်မှ ဖုန်းဆက်မေးမြန်းရာတွင် မိုင်းကိုင်ကျောက်မီးသွေး တူးဖော်ရေးပြသနာ နှင့် ပတ်သက်ပြီးအချက်အလက်အသေးစိတ််မသိရသေးကြောင်း ဖြေကြားခဲ့သည်။

RCSS အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းငင်းထံမေးမြန်းရာတွင်မူ- “ကျနော်လည်း ဒီကိစ္စ အသေးစိတ်မ သိရ သေးဘူး။ ဒါပေမယ့် ကျနော်တို့ RCSS ရဲ့မူဝါဒအရတော့ လူထုဘက်ကနေရပ်တည်မယ်။ လူထုက သဘောမတူ ဘူးဆိုရင်ကျနော်တို့လည်းလုံးဝ ခွင့်ပြုမှာမဟုတ်ဘူး။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

မိုင်းကိုင်ဒေသခံ လုံးစိုင်းယီက – “ဒါဟာ ကုမ္မဏီဘက်က RCSS ရဲ့နာမည်ကိုအလွဲသုံးစားလုပ်လိုက်တာဘဲ။ တကယ်လို့ RCSS က ဒေသခံလူထုရဲ့ဆန္ဒသဘောအတိုင်းဘဲ ဆောင်ရွက်မယ် လူထုဘက်က ရပ်တည်မယ် ဆိုရင်တော့ အခုလိုကုမ္မဏီကနေ RCSS အမည်သုံးပြီးလူထုကို တပတ်ရိုက်နေတဲ့အပေါ်အမြန်ဆုံး စီစစ်ပြီး အရေးယူပေးဖို့ ကျနော်တို့ အလေးအနက်တောင်းဆိုချင်ပါတယ်။ ”- ဟု ပြောသည်။

ယခင်နှစ်များက မိုင်းကိုင်မြို့နယ်အတွင်းရှိ ထင်းရှူးတော ဧက ၁၀၀၀ ခန့်အကျယ်တွင် ပြည့်အောင်ဟိန်းနှင့် ဟိန်းမေတ္တာကုမ္မဏီက ကျောက်မီးသွေးတူးဖော်ရန် စီစဉ်ခဲ့မှုအပေါ် သဘာဝပတ်ဝန်းကျင် ပျက်စီးမည့် အရေးကြောင့် ဒေသခံလူထုမှ စီမံကိန်းအလိုမရှိဟုဆိုကာ နည်းအမျိုးမျိုးဖြင့်အကြိမ်ကြိမ် ဆန့်ကျင်ကန့်ကွက်ခဲ့ သည်သာမက ၂၀၁၇ ခု ဧပြီလ ၁၁ ရက်နေ့က ဒေသခံလူထုနှင့် သံဃာတော်များ အင်အား ထောင်နှင့်ချီ ဆန့်ကျင်ကန့်ကွက် လမ်းလျှောက်ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

၂၀၁၈ ခုနှစ်က ဟိန်းမေတ္တာကုမ္မဏီက တူးဖော်မှုရပ်စဲသွားခဲ့ပြီး ယခုနှစ်လယ်မှသာ ဦးအိုက်ချိုဦးဆောင် သည့်အဖွဲ့က ကျောက်မီးသွေးတူးရန်ပြန်လည်စီစဉ်လာခဲ့ခြင်းဖြစ်သည်။

၄င်းနှင့်ပတ်သက်ပြီး ဇွန်လ ၁၁ ရက်နေ့တုန်းကလည်း မိုင်းကိုင်မြို့ သံဃာတော်များနှင့်ဒေသခံလူထုက အဆိုပါစီမံကိန်းအလိုမရှိကြောင်း ၊ သဘာဝပတ်ဝန်းကျင် နှင့် မိုင်းကိုင်ဒေသခံများ လယ်ယာစိုက်ပျိုးရေး အတွက် အားကိုးအားထားပြုရသည့် မြစ်ချောင်းပျက်စီးစေသဖြင့် မည်သူမဆို မည်သည့်အဖွဲ့အစည်းမဆို မိုင်းကိုင်မြို့တွင်ကျောက်မီးသွေး လာရောက်တူးဖော်မည်ဆိုပါက တရားဥပဒေဘောင်အတွင်းမှနေပြီး ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...