လားရှိုးမြို့ လဝက ၀န်ထမ်းများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီမှ အမှုဖွင့် အရေးယူ

လားရှိုးမြို့ လဝက ၀န်ထမ်းများအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီမှ အမှုဖွင့် အရေးယူ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန (လဝက) ကို မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူ သိရ သည်။

မြန်မာနိုင်ငံ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မတီ မှ ဇွန်လ ၁၂ ရက်နေ့ရက်စွဲဖြင့် လားရှိုးခရိုင်၊ လားရှိုးမြို့နယ်မှ လဝက ဌာနရုံးကို နိုင်ငံသား စိစစ်ရေးကဒ်၊ အိမ်ထောင်စုဇယား ပြုလုပ်ခြင်းနှင့် မွေး/တိုး ပြုလုပ်ခြင်းများတွင် ငွေကြေး တောင်းခံရယူဆောင်ရွက်ပေးနေသည်ဟုဆိုကာ ၀န်ထမ်း ၇ ဦးနှင့် အကျိုးဆောင် ဒေါ်မာရှောက်ဆန်း ဆိုသူတို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူ ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ထိုအတွက် ကော်မရှင် မှ စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးခဲ့ပြီး ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခြင်း ဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် လားရှိုးမြို့မ ရဲစခန်းတွင် ပထမ သတင်းပေး တိုင်ကြားချက် ဖွင့် လိုက်သည်ဟု ထုတ်ပြန်ချက် တွင်ရေးသားထားသည်။

ထိုကိစ္စ နှင့်ပတ်သတ်ပြီး လားရှိုးမြို့နယ် အမျိုးသား လွှတ်တော် ကို်ယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း က လားရှိုးမြို့နယ် အတွင်းနေထိုင်သည့် တိုင်းရင်းသားအများစုသည် မြန်မာဘာသာ စကားကို နားလည်မှု အားနည်း သဖြင့် အကျိုးဆောင်ဖြင့် နိုင်ငံသားစိစစ်ရေး ကဒ်ပြားပြုလုပ်နေရကြောင်း ၊ ထိုသို့ကြောင့် အကျင့်ပျက်ချစားမှုများ ရှိလာကြခြင်းဖြစ်ကြောင်း စိုင်းဝမ်းလျန်းခမ်း က သျှမ်းသံတော်ဆင့်အားပြောသည်။

“ ဒီဒေသမှာ ရှိတဲ့ တိုင်းရင်းသားတွေ ဘာသာစကားမသိတော့ ပွဲစားတွေကလုပ်စားတာပေါ့။ အခုဖြစ်တာက တချို့ ပွဲစားက ငွေအများကြီးယူတယ် ။ တချို့ပွဲစားက ငွေနည်းနည်းဘဲယူတော့ အချင်းချင်း မကျေနပ်ရာကနေ တိုင်ကြားကြတာဖြစ်တယ်လို့ကြားသိရတယ်။ နောက် လဝက ကလည်း မှတ်ပုံတင် လုပ်တဲ့နေရာမှာ စည်းကမ်းမကိုက်ညီတာတွေလည်း လုပ်ပေးနေတာတွေ့ရပါတယ်” ဟု စိုင်းဝမ်းလျန်းခမ်း က ဆိုသည်။

လားရှိုးမြို့သည် ခရိုင်မြို့ဖြစ်သည့်အားလျော်စွာ နိုင်ငံသားစိစစ်ရေး ကဒ်ပြား လာရောက်လုပ်ကိုင်သူ နေ့စဉ်နဲ့ အမျှ များပြားကြောင်း၊ ကျေးလက်ဒေသသို့ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေး ကဒ် လုပ်ရန် ခက်ခဲနေကြောင်း လည်း စိုင်းဝမ်းလျန်းခမ်း က ပြောပြသည်။

“ ကျေးရွာတွေဘက်မှာ မှတ်ပုံတင် မရှိသေးတဲ့သူတွေများတယ်။ အခုတော့ ၀န်ထမ်း ၈ ယောက် အမှုနဲ့ရင်ဆိုင်နေရတယ်ဆိုတော့ ကျေးရွာ မှာကွင်းဆင်းပြုလုပ်ပေးဖို့ ကြာဦးမယ်ထင်တယ်။ ကျေးရွာ မှာ မှတ်ပုံတင် ရဖို့ အတွက် နည်းလမ်းမြန်မြန်ရှာဖွေနေပါတယ်” ဟု လည်း ၎င်းက ဆိုသည်။

အဂတိတိုက်ဖျက်ရေးကော်မရှင်မှ အမှုဖွင့်တရားစွဲဆိုထားသည့် လားရှိုးမြို့နယ် ဦးစီးမှူး ရုံးမှ မြို့နယ် ဦးစီးမှူး ၊ ဒု ကြီးကြပ်ရေးမှူး ၊လက်ထောက် ကြီးကြပ်ရေးမှူး များသည် မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း ၊ မွေး-တိုး စာရင်းလုပ်ရန်လာသူများထံမှ ငွေကျပ် ၁၀ သိန်းနှင့်အထက်တောင်းဆိုကောက်ယူခဲ့ကြောင်း၊ အကျိုးဆောင် ဒေါ်မာရှောက်ဆန်း သည် လည်း ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းအထိ တောင်းယူခဲ့ကြောင်း ကော်မရှင်မှထုတ်ပြန်ချက် အရ သိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...