လက်ရှိရခိုင်အရေးနှင့်ပတ်သက်ပြီး အချက် ၅ ချက်အား ရခိုင်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၈ဝ ခန့် စုပေါင်း တောင်းဆို

လက်ရှိရခိုင်အရေးနှင့်ပတ်သက်ပြီး အချက် ၅ ချက်အား ရခိုင်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၈ဝ ခန့် စုပေါင်း တောင်းဆို

လက်ရှိ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ရေးတင်းမာနေမှုများနှင့်ပတ်သက်ပြီး အချက် ၅ ချက်အား ရခိုင်အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၈ဝ ခန့်က ဧပြီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်သည်။

အဆိုပါတောင်းဆိုချက် ၅ ချက်မှာ ရခိုင်ပြည်၏ လက်ရှိအခြေအနေသည် စစ်ရေးအရဖြေရှင်း၍ရရှိနိုင်မည့် ပဋိပက္ခမဟုတ်ဘဲ နှစ်ဘက်ခေါင်းဆောင်များတွေ့ဆုံဆွေးနွေးအဖြေရှာရန်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၊ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြပြီး နှစ်ဘက်သဘောတူ Bilateral စာချုပ်ကို သဘောထားကြီးစွာဖြင့် လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုကြရန်၊ စစ်ဘေးဒုက္ခသည်များ၏ ရိက္ခာဖူလုံပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ကြောက်ရွံ့ခြင်းကင်းကာ လုံခြုံစွာနေထိုင်သွားလာနိုင်သော လူနေမှုဘဝကို အစိုးရမှ အမြန်ဆုံး ကူညီ ဖြေရှင်းပေးရန်၊ ရှေးဟောင်းယဉ်ကျေးမှုနယ်နိမိတ်ဇုံနှင့် သာသနိကအဆောက်အဦ ပရဝုဏ်အတွင်း တပ်စခန်းချ နေထိုင်ခြင်းနှင့် တိုက်ပွဲများလုံးဝ မပြုလုပ်ကြရန်၊ ကျေးရွာများအနီးတွင် တပ်စခန်းချ နေထိုင်ခြင်း၊ မိုင်းထောင်ခြင်းနှင့် တိုက်ပွဲများ လုံးဝ မပြုလုပ်ကြရန် စသည့်အချက်များဖြစ်သည်။

"အဓိကတော့ စစ်ရေးအရ အဖြေမရှာဘဲ တွေ့ဆုံရေးနဲ့အဖြေရှာဖို့လိုအပ်တယ်ပေါ့လေ။ နောက်ပြီး ထုတ်ပြန်ချက်မှာ ပါတာတွေကိုလည်း လိုက်နာဖို့လိုတယ်။ နှစ်ဘက်လိုက်နာရမယ့်အပိုင်းတွေရှိတယ်။ အစိုးရကိုင်တွယ်ဖြေရှင်းရမယ့်အပိုင်းတွေရှိတယ်။ အဲဒါတွေကို တောင်းဆိုချက် ၅ ချက်ရှိတယ်ပေါ့။ အဲဒီ အချက်တွေကို ဒီမိုကရေစီအစိုးရဖြစ်တဲ့အတွက် လိုက်နာလိမ့်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်"ဟု တောင်းဆိုရာတွင် ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံက ပြောသည်။

ရခိုင်အရေး တွေ့ဆုံညှိနှိုင်းကြရာတွင် တပ်မတော်အနေဖြင့် သဘောထားကြီးကာ ဆုပ်ကိုင် ထားသည် များကို ဖြေလျှော့ရန်လိုသလို တစ်ဘက်နှင့်တစ်ဘက် အပေးအယူမျှရန်လိုသည်ဟုလည်း ရခိုင် အရပ်ဘက် အဖွဲ့အစည်းများက ရှုမြင်ကြသည်ဟု ၎င်းက ပြောဆိုသည်။

အဆိုပါတောင်းဆိုချက်ကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ ပေးပို့သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...