မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတန်ပြန်ထိုးစစ်ဆင်နေဟု နိုင်ဟံသာပြော

မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတန်ပြန်ထိုးစစ်ဆင်နေဟု နိုင်ဟံသာပြော
by -
မွန်သတင်းအေဂျင်စီ
UNFC တိုးချဲ့အစည်းအဝေး၊ ချင်းမိုင်မြို့(MNA)
UNFC တိုးချဲ့အစည်းအဝေး၊ ချင်းမိုင်မြို့(MNA)
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လက်ရှိတိုက်ပွဲများသည် ကချင် KIA,ကိုးကန့် MNDAA, တအာင်း(ပလောင်)TNLAနှင့် ရခိုင် AA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုက တန်ပြန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း မွန်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်း ချက်တရပ်တွင် UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

“ကချင်နဲ့ ပလောင်နယ်မြေမှာဆိုရင် အစိုးရတပ်မတော် ထိုးစစ်ဆင်နေတာကြာပြီ၊ အထူးသဖြင့် ၂၁ ရာစုပင်လုံညီလာခံအပြီးမှာ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်လာတယ်၊ တိုက်ပွဲ အရေအတွက်ပိုများလာတဲ့အတွက် ဒေသခံလူထုတွေလည်း တော်တော်ဒုက္ခရောက်ကြရတယ်၊ ခံစစ်အသွင်နဲ့ မရပ်တည်နိုင်တဲ့အဆုံးမှာ မဟာမိတ်တွေစုဖွဲ့ပြီး ထိုးစစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက် တာဖြစ်တယ်” နိုင်ဟံသာက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ မူဆယ် ၁၀၅ မိုင်ကုန်သယ်ရေးဂိတ်၊ မုံးကိုး၊ ပန်ဆိုင်း(ကြူကုတ်)၊ ကွတ်ခိုင်၊ နမ့်ခမ်း စသည့်နေရာ ၁၁ ခုတွင် ပြီးခဲ့သည့်နိုဝင်ဘာ ၂၀ ရက်နေ့နံနက်စောစောပိုင်းမှစတင်၍ လမ်း၊ တံတား၊ ရဲကင်း၊ တပ်မတော် အခြေစိုက်စခန်းများကို မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု AA,TNLA, MNDAA, KIA တို့ တပြိုင်တည်းဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်သားအပါအဝင် ဒေသခံတွေ စုစုပေါင်း ၉ ဦးသေဆုံးခဲ့ပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

“ဒီလိုတိုက်ပွဲတွေဖြစ်လာလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလည်း တစ်ဆို့လာနိုင်သလို တဖက်မှာလည်း  ငြိမ်းချမ်းရေးရလဒ်အမြန်ဆုံးရှာဖွေကြဖို့ တွန်းအားတစ်ခုလိုလည်း ဖြစ်ပေါ်လာနိုင်တယ်၊ ကျနော်တို့ UNFC အနေနဲ့ ဆွေးနွေးပွဲတွေကို မရပ်တန့်စေချင်ဘူး” ဟု နိုင်ဟံသာက ဆက်ပြောသည်။

ယခုနိုဝင်ဘာ ၂၈-၂၉ ရက်နေ့များတွင် တိုင်းရင်းသားလက်နက်ကိုင် ရ ဖွဲ့ပါဝင်သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တိုးချဲ့အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပနေစဉ် နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN က အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးမှု အစီရင်ခံစာတင်ပြခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲအရှိန်ကြောင့် ဆွေးနွေးဆက်လက်ကျင်းပရန် လက်ရှိတွင် ရှေ့မတိုးနောက်မဆုတ်သာအနေအထားဖြစ်နေသည်ဟု သိရသည်။

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က “အဓိက ကတော့ ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်ရဲ့ ထိုးစစ် တွေ အရမ်းကိုပြင်းထန်နေတယ်၊ မြန်မာ့တပ်မတော် ဘက်က အရပ်သားတွေကို မူတည်ပြီးတော့ အရပ်သား တွေရှိတဲ့ဘက်ကို ဦးတည်ပြီးတော့ လက်နက်ကြီးတွေနဲ့ထုထုနေတယ်၊ ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ ကျွန်တော်တို့ TNLA ရော၊ ကချင် KIA ရော ပြန်လည် ထိုးစစ်ဆင်သွားမယ်ဆိုပြီးတော့ ဖြစ်လာရတယ်။ ဒါက အစိုးရကရော မြန်မာ့တပ်မတော်ကရော စစ်ရပ်စဲမယ့် အခြေအနေမရှိဘူး။ ထိုးစစ်တွေပဲ ပြင်းပြင်းလာတော့ ကျွန်တော်တို့အနေနဲ့ အဲကိစ္စကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့က အခုလို ပူးပေါင်းစစ်ရေး လှုပ်ရှားရတဲ့သဘောဖြစ်ပါတယ်” ဟု မွန်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းချက်တွင် ပြောသည်။

အဆိုပါ အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား တိုက်ပွဲများနေ့စဉ်ဆက် လက်ဖြစ်ပွားနေပြီး အစိုးရတပ်မတော်က လက်နက်ကြီးများအပြင် ရဟတ်ယာဉ်များဖြင့်ပစ်ကူခြင်း၊ဂျက်တိုက်လေယာဉ်များဖြင့် ကြောင်းမှပါဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းဌာနများက ဖော်ပြပါရှိသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...