ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမည်ဆိုုပါက ကြိုဆိုုကြောင်း မြောက်ပိုုင်း မဟာမိတ် တပ်ပေါင်းစုုပြောဆိုု

ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးမည်ဆိုုပါက ကြိုဆိုုကြောင်း မြောက်ပိုုင်း မဟာမိတ် တပ်ပေါင်းစုုပြောဆိုု
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တပ် ပေါင်းစုတို့ကြား တိုက်ပွဲများကို တရုတ်ပြည်သူ့သမ္မတအနေဖြင့် ကြားဝင်စေ့စပ် ညှိနှိုင်းပေးမည်ဆိုပါက မိမိတို့အနေဖြင့် လက်ခံကြိုဆိုကြောင်း မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုမှ ပြောသည်။

မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု၏ နိုဝင်ဘာလ ၂၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာ ချက်ထဲတွင်လည်း ခိုင်မာတည့်တ့ံပြီး စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲ ရောက်ရှိရန်အတွက် နယ်နိမိတ် ချင်းထိစပ်နေသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တန်းတူညီမျှသည့် အခြေခံရပ်တည်မှုမှ ပါ၀င်ညှိနှိုင်း ပေးပါရန် မေတ္တာရပ်ခံထားသည့် အချက်ပါရှိသည်။

“အခု “၀” ပြည်နယ်က ထုတ်ပြန်ထားတဲ့အတိုင်း မြန်မာ့တပ်မတော်က ထိုးစစ်တွေ ရပ်ဖို့လို တယ်။ အဲဒါကို ကြားဝင်စေ့စပ်လုပ်ပေးမယ်ဆိုရင်လည်း “၀” ပြည်နယ်အနေနဲ့ကော တရုတ် အနေနဲ့ကော သူတို့မှာ အဆင်သင့်ဖြစ်တယ်ဆိုတာကို ကျနော်တို့က ကြိုဆိုထောက်ခံတယ်။ အဲလိုဆွေးနွေးတဲ့ဟာ တွေလည်း မြန်မြန်ပေါ်မှပဲ ကျနော်တို့ ဒီ တိုက်ပွဲတွေက ရှောင်လွှဲနိုင်မယ့် လမ်းမြင်တယ်။” ဟု တအာင်း(ပလောင်) အမျိုးသာလွတ်မြောက်ရေး တပ်မတော်မှ အထွေ ထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

ယခုလက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများသည် တရုတ်-မြန်မာ နယ်နိမိတ်ရှိ နယ်စပ်ဒေသများ တွင် ဖြစ်ပွားနေသည့်အတွက်ကြောင့် တရုတ်အစိုးရနှင့် အချို့ကိစ္စရပ်များတွင် တိုက်ရိုက် အကျိုးသက် ရောက်မှုများ ရှိနေသည့်အတွက် တရုတ်အစိုးရအနေဖြင့် ၀င်ရောက် ညှိနှိုင်းသင့်သည်ဟု မြင်ကြောင်း၊ တရုတ်အစိုးရအနေနှင့်လည်း စိုးရိမ်ပူပန်မှုများရှိကြောင်း သိရသည်ဟု မြောက်ပို်င်း မဟာမိတ် တပ်ပေါင်းစုမှ ပြောသည်။

ထို့အပြင် ယခုလက်ရှိ ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများအား တရုတ်အစိုးရအနေဖြင့် ကြားဝင်းညှိနှိုင်း ဆောင်ရွက်ပေးမည်ဆိုပါက တိုက်ပွဲများဖြစ်ပွားနေသည်ထက် ပိုမိုကောင်း မွန်ကြောင်း၊ ယခုလက် ရှိအချိန်တွင် အကောင်းဆုံး ကြားဝင် စေ့စပ်ညှိနှိုင်းပေးနိုင်မည့်သူမှာ တရုတ်အစိုးရပင် ဖြစ်သည်ဟု မြင် ကြောင်း ဗိုလ်မှူးကြီး တာဘုန်းကျော်မှ ဆက်ပြော သည်။

စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် မြန်မာ့တပ်မတော်မှ ကချင်၊ တအာင်း၊ ကိုးကန့် နှင့် ရခိုင် အစရှိသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအား ပြင်းထန်သည့် ဖိအားပေးထိုးစစ်ဆင်နေမှုကို ချက်ချင်းရပ်စဲပြီး တိုင်းရင်းသားဒေသများမှ ဆုတ် ခွာပေးရန် ထုတ်ပြန်ချက်ထဲတွင် တောင်းဆိုထားသည်။

အလားတူ နိုဝင်ဘာလ ၂၅ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော တရုတ်-မြန်မာအဆင့်မြင့် ကာ ကွယ်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ အစည်းအဝေးတွင် တရုတ်အစိုးရမှ မြန်မာအစိုးရအား ရှမ်းပြည် နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး နယ်စပ် တည်ငြိမ်အေးချမ်း ရေးသည် အရေးကြီးသည့်အတွက် စစ်ရေးလှုပ်ရှားမှုများ အဆုံးသတ်ပြီး တင်းမာမှုများ ပြေငြိမ်းဖို့ရန် တိုက်တွန်းခဲ့သည်။

ထို့အပြင် ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံရှိ လူမျိုးစု တိုင်းရင်းသားများအပေါ် လူမျိုးကြီးဝါဒ၊ စစ်အာ ဏာရှင်စနစ်ဖြင့် ဆက်လက်ကြီးစိုး နေမည်ဆိုပါက ပြည်တွင်းစစ်မီးကို ဆက်လက် သက်ဆိုးရှည်သွား မည်ဖြစ်သည့်အပြင် ခုခံတော်လှန်ရေးစစ်ကို ဆက်လက်ဆင်နွှဲနေရမည်ဟု ထည့်သွင်းဖော်ပြထား သည်။

လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲအခြေအနေနဲပတ်သက်ပြီး ဗိုလ်မှူးကြီး တာဘုန်းကျော်က “အခုတိုက် ပွဲကတော့ ကြည့်ရတာကတော့ မြန်မာ့တပ်မတော်နဲ့ မြန်မာအစိုးရက သဘောထား တစ်ခုတည်း ဖြစ်သွားတဲ့အတွက်ကြောင့် တိုက်ပွဲက ပိုပြင်းတဲ့ အနေအထားရှိတယ်လို့ ကျနော်တို့ မြင်ပါတယ်။ မြန်မာ့တပ်မတော်ဖက်ကလည်း စစ်ကူတွေ ပိုများလာတယ်။ တိုက်ပွဲတွေလည်း နေရာတော်တော် များများမှာ ပိုပြီး ဖြစ်လာပါတယ်။” ဟု ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ နှစ်ဖက်တပ်များအကြား တိုက်ပွဲများ နေ့တိုင်းဖြစ်ပွားနေပြီး ဒေသခံပြည်သူများသည် စစ်ဘေးရှောင် ဒုက္ခသည်များအဖြင့် တရုတ်နိုင်ငံအတွင်းသို့၎င်း၊ နီးစပ်ရာ မြို့များသို့၎င်း စစ်ဘေးရှောင်နေကြရသည်။

နိုဝင်ဘာလ ၂၅ ရက် ယမန်နေ့တွင်လည်း မြန်မာပြည် မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုနှင့် မြန်မာ့ တပ်မတော်တို့အကြား ကြူကုတ်-ပန်ဆိုင်း၊ မုံးကိုး၊ ဖောင်းဆိုင်၊ ကွတ်ခိုင်ဒေသများအပြင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နေရာတော်တော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု သိရသည်။

မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့ဝင်များအဖြစ် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင်းအမျိိုးသား လွတ်မြောက်ရေး တပ်မတော်( TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ဖြစ်ကြသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...