အောက်သားကန်အုပ်ချုပ်ရေးမှူးပြန်လွတ်မြောက်၊ ကျန်ရွာသား ၅ ဦးကို ခေါ်ဆောင်သွား

အောက်သားကန်အုပ်ချုပ်ရေးမှူးပြန်လွတ်မြောက်၊ ကျန်ရွာသား ၅ ဦးကို ခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အောက်သားကန်ကျေးရွာမှ ဖမ်းခေါ်သွားသူ ၆ ဦးထဲမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦသိန်းကျော်နိုင်အား ပြန်လည် လွတ်ပေးလိုက်ပြီး ကျန် ၅ ဦးကို လက်နောက်ပြန်ကြိုး တုတ်ကာ ခေါ်ဆောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

လွတ်လာသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းကျော်နိုင်က “ ကျွန်တော်ကို မနေ့က ညနေ ၅ နာရီကျော် အချိန်လောက်မှ အိုးထိန်းရွာ လွတ်ပေးခဲ့ပါတယ်။ ကျန်တဲ့ ၅ ဦးကိုတော့ ဖမ်းတာမဟုတ်ဘူး။ သံသယရှိတဲ့ အတွက် စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်တာလို့ ဗိုလ်မှူးက ပြောပါတယ်။ ကျွန်တော်က သူတို့က လူကောင်းတွေပါ။ ရပ်ရေး ရွာရေး တက်တက်ကြွကြွလုပ်နေတဲ့သူတွေပါ။ ကျွန်တော်အာမခံတယ်။ သူတို့အမှားတစ်ခုခု လုပ်ရင် ကျွန်တော်ကို အရင်ဆုံး အရေးယူနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ ဗိုလ်မှူး ပြောတာက အထက်ကို တင်ပြထားပြီး အထက်က ခွင့်ပြုချက်ရရင် လွတ်ပေးမယ်လို့ ပြောပါတယ်။ သူတို့ကိုတော့ လက်တွေကို နောက်ပြန်ကြိုးတုတ်ပြီး ခေါ်ဆောင်သွားပါတယ်” ဟု ပြောကြားသည်။

ခေါ်ယူခံရသူ ၆ ဦးမှာ ဦးစိန်ထွန်း (၄၁) နှစ်(ဘ) ဦးသာလှထွန်း၊ ဦးလှသိန်းမောင်(၄၉) နှစ်(ဘ) ဦးလှပြည့်အောင်၊ ဦးဘထွန်း(၆၄) နှစ်(ဘ) ဦးလုံးကျော်အောင်၊ ဦးမောင်ဖြူချေ(၄၉)နှစ် (ဘ) ဦးငပုနှင့် ဦးကိုနိုင် (၄၅) နှစ်တို့ ဖြစ်ကြောင်း ကျေးရွာသား တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကို ခေါ်ယူသွားတာ မနက် ၉ နာရီကတည်းကပါ။ ကျွန်တော်ကိုတော့ ကျောပိုးအိတ်တစ်လုံး ထမ်းခိုင်းပြီး ရှေ့ကသွားခိုင်းကာ ပြိုင်ချရွာကို လိုက်ပို့ခိုင်းပါတယ်။ အဲဒီ ပြိုင်ချရွာမှာလည်း တစ်အိမ်မကျန်စစ်ဆေးခဲ့ပါတယ်။ အဲဒီရွာကမှ အိုးထိန်းရွာကို ရောက်ပါတယ်။ အိုးထိန်းရွာရောက်မှ ကျွန်တော်ကို လွတ်ပေးလိုက်ပါတယ်။ ကျွန်တော်ဖုန်းလည်း ပါသွားပါတယ်” ဟု ပြောကြားသည်။

၎င်းပြင် အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်နိုင်က “ သူတို့က ခင်ဗျားတို့ရွာထဲမှာ အေအေရှိတယ်။ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ရွာအဝင်မှာ မိုင်းခွဲတိုက်ခိုက်ဆိုပြီး ပြောပါတယ်။ ကျွန်တော်တို့ရွာက လက်နက်ငယ် ပစ်တာလည်း မရှိဘူး။ မိုင်းခွဲတယ်လို့ ပြောပေမယ့် မိုင်းကွဲတဲ့ နေရာလည်း သူတို့ မပြနိုင်ပါဘူး။ စစ်တပ်က ပစ်တာကတော့ နံနက် ၆ နာရီ ၁၀ မိနစ်လောက်မှာ တိမ်ညိုရွာက ထွက်လာပြီး စပစ်တယ်။ နံနက် ၆ နာရီ ၂၀ မိနစ်လောက်မှာ ရွာကန်ပျက်ကနေပြီး နေရာယူပြီး ရွာထဲကို ပစ်ပါတယ်။ လက်နက်ကြီး အသံကတော့ ၅၀ ကျော်လောက် ကြားရပါတယ်။ လက်နက်ငယ်တွေကတော့ အဆက်မပြတ် ပစ်ပါတယ်။ လူနှစ်ယောက်သေတယ်။ ၅ ယောက် ဒဏ်ရာပါတယ်” ဟု ပြောသည်။

ရွာထဲမှ ဒဏ်ရာရသူ ဦးဝင်းကျော်သိန်းနှင့် ဦးလှအောင်တင်ကို ဆေးကုရန် စစ်တပ်မှ ကျပ် ငါးသောင်းစီ ထောက်ပံ့ပေးခဲ့သည်ဟုလည်း ၎င်း အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

Most read this week

January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...