မုံးကိုးတွင် ဒေသခံနေအိမ်များမီးရှို့ဖျက်ဆီးခံနေရ

မုံးကိုးတွင် ဒေသခံနေအိမ်များမီးရှို့ဖျက်ဆီးခံနေရ
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ရှမ်းပြည်နယ် မြောက်ပိုင်းမုံးကိုးဒေသအတွင်း မြန်မာ့တပ်မတော်နှင့် မြန်မာပြည် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး မုံးကိုးဗျူဟာကုန်းအနီးရှိကျေးရွာများမှ ပြည်သူများ၏ နေအိမ်များအားမီးရှို့ ဖျက်ဆီးမှုများရှိနေကြောင်း ဒေသခံများကပြောသည်။

 “ ဒီနေ့တော့ အဲ့ဒီဗျူဟာကုန်းနားကအိမ်တွေ ရွာသားအိမ်တွေကိုမီးရှို့တယ်လေ။ အားလုံးနီးပါးပဲမီးရှို့ပစ်တာ မြန်မာစစ်တပ်က။ ပြီးအခုနလေးပဲအဲ့နားကရွာကိုလေယာဉ်နဲ့လာပစ်သွားတယ်။ မနေ့ကလည်းတနေကုန်တိုက်ပွဲဲဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ကမရသေး ဘူး။ ဗျူဟာကုန်းထဲမှာလည်း တပ်ကလူတွေရှိနေတုန်းလေ။ အဲ့ဒီဗျူဟာကုန်းတခုပဲ တပ်ပေါင်းစုတွေ မရသေးတာ။ မုံးကိုးနေရာတော်တော်များများက တပ်ပေါင်းစုတွေနေရာယူထားတယ်။” ဟု

မုံးကိုးမြို့ရှိလက်ရှိဖြစ်ပေါ်နေသည့် အခြေအနေနဲ့ ပတ်သက်ပြီး နမ့်တောင်းဒေသခံတစ်ဦးကပြောသည်။

မြန်မာ့တပ်မတော်နှင့် မြန်မာပြည် မြောက်ပိုင်းတပ်ပေါင်းစုတို့ကြား နေ့တိုင်းဆိုသလိုတိုက်ပွဲများ ဖြစ် ပွားနေသည့်အတွက် ဒေသခံများ၏ နေထိုင်စားသောက်ရေးအပြင် သွားရေးလာရေးခက်ခဲလာသည့် အတွက် ဒေသခံများအနေဖြင့် မသွားရဲမလာရဲဘဲရှိနေသည်ဟု ၎င်းဒေသခံကဆက်ပြောသည်။

မုံးကိုးမြို့အား မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုမှ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် နေရာတချို့ သိမ်းပိုက်ရယူထားပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အကုန်လုံးနီးပါးအား ရယူထားနိုင်သည့်အတွက် မြန်မာ့တပ်မတော်မှ စစ်ရေးအရ ပိုမိုပြုလုပ်လာသောကြောင့် တိုက်ပွဲပြင်းထန်လာသည်ဟုတအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကပြောသည်။

“အဲမှာတိုက်ပွဲဖြစ်တော့ အချို့ကိုကျနော်တို့ ရသွားပြီ။ အဲဒီမုံးကိုး ဗျူဟာကုန်းလည်းရသွားတဲ့အချိန်ကျတော့ သူတို့ထပ်ပြီးမှ အဲဖက်မှာစစ်ရေးအရဖိပြီးမှ တက်လာတယ်။ တက်နေတဲ့အချိန်မှာ စောစောပြောသလို သူတို့တက်လာတဲ့အချိန်ကျတော့ တိုက်ပွဲကပိုပြီးပြင်းထန်တယ်။ဒီမနက် အစောပိုင်းကတည်းက မုံးကိုးဖက်မှာ တိုက်ပွဲတော်တော်လေးပြင်းထန်တယ်။  မြန်မာ့တပ်မတော်ဖက်က အထိနာတယ်လို့ ပြောတယ်။ အထိနာပြီးမှ ဒီမုံးကိုးအရှေ့တောင်ဖက် မုံးကိုးမြို့ရဲ့ အရှေ့တောင်ဖက် လူနေရပ်ကွက်အတွင်းမှာသူတို့ သွားပြီးမှ လူထုကိုအကာအကွယ်သွားယူတယ်။ သွားယူပြီးမှ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့မှ ဆက်ပြီးတော့မှ လိုက်တိုက်တဲ့အချိန်ကျတော့ အခုလူနေအိမ်ကိုမီးရှို့တယ်။ မီးရှို့ ပြီးမှ ဆက်ပြီးမှ တိုက်လို့ မရတော့ဘူး။”ဟုဗိုလ်မှူး မိုင်းအိုက်ကျော်ကပြောသည်။

မုံးကိုးမြို့တွင် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုနဲ့ မြန်မာတပ်မတော်မှ တပ်မ၉၉အပြင် ရမခလက် အောက်ခံတပ်များဖြင့် တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်ဟုသိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောတိုက်ပွဲများ၊ စစ်ရေးပဋိပက္ခများကြောင့် ဒေသခံပြည်သူများသေဆုံးမှုများ၊ ဆုံးရှုံးနစ်နာမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်နေပြီးအစိုးတပ်မတော်နှင့် ဌာနဆိုင်ရာများမှလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့်ဖြစ်ကြောင်း သတင်းမီဒီယာများတွင် ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်းမုန်းပေါ်ဒေသအတွင်း ဖြစ်ပေါ်နေသောတိုက်ပွဲကြောင့် မုန်းပေါ်ရှိဒေသခံပြည်သူများသည် မူဆယ်မြို့သို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်နေကြရသည်ဟုသိရသည်။

သို့သော် နမ့်တောင်းဒေသခံပြည်သူများအနေဖြင့် နမ့်တောင်း နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ခိုလှုံနေကြရပြီးတိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်ရမည့် အခြေအနေဖြစ်နေသည်ဟုပြောသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ယနေ့တွင် မုံးကိုး၊ ဖောင်းဆိုင်ဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နေရာတော်တော်မျာများတွင် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုနဲ့ မြန်မာတပ်မတော်တို့ကြားတိုက်ပွဲ  ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟုသိရသည်။

အဆိုပါ တိုက်ပွဲများကြောင့် တရုတ်နိုင်ငံသို့ စစ်ဘေးရှောင် ဒုက္ခသည် ၄၀၀၀ ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး မူဆယ်မြို့ပေါ်ရှိစစ်ရှောင်စခန်းများတွင်လည်းစစ်ဘေးရှောင် ဒုက္ခသည် ၄၀၀၀ ကျော်ခန့် လာရောက်ခိုလှုံနေကြရသည်ဟုသိရသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...