ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာမှ စစ်တပ်က ပစ်ခတ်၍ သေဆုံးသွားသူ ကိုမောင်ချေ အလောင်းကို ယနေ့ ရသေ့တောင်တွင် သချိုၤင်းတွင် ဂူသွင်း သဂြိၤုလ်ခဲ့သည်ဟု သိရသည်။
ရသေ့တောင်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) အတွင်းရေးမှူး ဦးမောင်လှမြင့်က “ လူပေါင်း ၁၅၀၀ ကျော်၊ ၂၀၀၀ လောက်ရောက်ပါတယ်။ နယ်တွေကလည်း လာကြပါတယ်။ ဘယ်သူ့ကိုမှ ဖိတ်တာ မဟုတ်ဘူး။ ကိုယ့်အသိစိတ်နဲ့ ကိုယ်လာပြီး ပို့ဆောင်ကြာတာပါ။ သာမန် အရပ်သားတစ်ဦး ခုလိုပုံစံမျိုး သေသွားရတဲ့ အပေါ်မှာတော့ မခံချိမခံသာတော့ ဖြစ်ကြရပါတယ်” ဟု ပြောကြားသည်။
အသုဘ အခမ်းအနားသို့ ရဟန်းသံဃာတော် အပါး ၃၀ ကျော်လည်း ကြွရောက်ခဲ့ပြီး ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာ ရွှေပါရမီကျောင်းတိုက်ဆရာတော်နှင့် ပုပ္ပာရုံ ဆရာတော်တို့က အားပေးစကားများ မိန့်ကြားခဲ့ကြသည်။
ရသေ့တောင်ဒေသခံ ဦးကျော်သာခင်က “ ကဗျာတွေလည်း ရွတ်ကြတယ်။ တေးရေးတေးဆို ကိုဘက္ကာလည်း ‘ အဘာကို တိုင်တည်ခြင်း’ ကဗျာကို ရွတ်ပါတယ်။ စာရေးဆရာ သားလှကလည်း တက်ရောက်လာကြတဲ့သူတွေကို သတိတရားတွေ လက်ကိုင်ထားနိုင်ဖို့ အနည်းငယ် ဟောပြောခဲ့ပါတယ်” ဟု ပြောကြားသည်။
ယနေ့ပြုလုပ်သော အသုဘ အခမ်းအနားတွင် တက်ရောက်လာကြသည့် ဆရာတော်များ အပါအဝင် ပြည်သူလူထုများမှ ကျန်ရစ်သူ မိသားစုအတွက် ငွေကြေးထည့်ဝင်လှူဒါန်းခဲ့ရာ စုစုပေါင်း ကျပ်ငွေ ၄၁ သိန်း သုံးသောင်းငါးထောင်ငါးရာ ရရှိခဲ့သည်ဟု သူက ပြောဆိုသည်။
ကိုမောင်ချေအလောင်းအား မွန်းလွဲ ၂ နာရီခွဲတွင် ဂူသွင်းခဲ့ပြီး ဇနီးဖြစ်သူ မနုနုသိန်းနှင့် ကလေးငယ် ၂ ဦး၊ ဆွေမျိုး မိသားစုများလည်း စုံစုံလင်လင် တက်ရောက်ခဲ့သည်ဟု သိရသည်။
ကိုမောင်ချေသည် မတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီကျော်က လူ ၂ ဦးကို ၎င်းနေထိုင်ရာ အမျက်တောင် ကျေးရွာမှ ရေစိုးချောင်းကျေးရွာသို့ ဟွန်ဒါ စက်လှေငယ်ဖြင့် ကူးတို့ပို့၍ မိမိရွာသို့ ပြန်စဉ် ရေစိုးချောင်း ကျေးရွာ စစ်တပ်မှ ကမ်းကို ကပ်ရန် ခေါ်ဆိုသည်ကို မကြားဘဲ စက်လှေကို ဆက်မောင်းသဖြင့် စစ်သားက သေနတ်ဖြင့် ပစ်ခတ်ရာ ကမ်းပေါ်သို့ တက်ပြေးရာမှ ကမ်းစပ်၌ ကျည်ဆံ ၂ ချက်ထိမှန်သေဆုံးခဲ့သည်ဟု မိသားစုများ၊ မျက်မြင်များက ပြောကြားသည်။
သူ့၏ အလောင်းအား မတ်လ ၂၆ ရက်နေ့တွင် ရသေ့တောင်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ရသေ့တောင်မြို့ သချိုံင်းတွင်ပင် သဂြိုၤလ်ခဲ့ခြင်း ဖြစ်သည်။







