တပ်မတော်ထိုးစစ်မရပ်စဲသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များပူးပေါင်းစစ်ဆင်ဟုဆို

တပ်မတော်ထိုးစစ်မရပ်စဲသဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များပူးပေါင်းစစ်ဆင်ဟုဆို
by -
မွန်သတင်းအေဂျင်စီ
TNLA တိုက်ပွဲနေရာ(နိုင်ငံတော်အတိုင်ပင်ခံရုံး)
TNLA တိုက်ပွဲနေရာ(နိုင်ငံတော်အတိုင်ပင်ခံရုံး)
တပ်မတော်ထိုးစစ် ရပ်စဲမည့်အခြေအနေမရှိသဖြင့် မြောက်ပိုင်းမဟာမိတ် ညီနောင်တပ်ပေါင်းစုအဖွဲ့ဝင်များဖြစ်သည့် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA, တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်ဖွဲ့ TNLA, ကိုးကန့်တပ်ဖွဲ့MNDAA နှင့် ရခိုင်တပ်မတော် AA တို့ နိုဝင်ဘာ ၂၀ ရက်နေ့မှစ၍ ပူးပေါင်းစစ်ဆင်ခဲ့သည်ဟု TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။

“ကျွန်တော်တို့ တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ ကျွန်တော်တို့ (TNLA)ရော၊ ကချင် (KIA)ရော ပြန်လည် ထိုးစစ်ဆင်သွားမယ်ဆိုပြီးတော့ ဖြစ်လာရတယ်။ဒါက အစိုးရကရော မြန်မာ့တပ်မတော်ကရော စစ်ရပ်စဲမဲ့ အခြေအနေ မရှိဘူး။ ထိုးစစ်တွေပဲ တိုးပြင်ပြင်လာတော့ ကျွန်တော်တို့အနေနဲ့ အဲကိစ္စကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့က အခုလို ပူးပေါင်းစစ်ရေး လှုပ်ရှားရတဲ့ သဘောဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က မွန်သတင်းအေဂျင်စီဆက်သွယ်မေးမြန်းချက်တွင် ပြောသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ပေါင်းစုသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုး၊မန့်တုံ၊ကွတ်ခိုင်၊ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဂိတ်၊ ပန်ဆိုင်း(ကြူကုတ်)၊ စသည့် နေရာ ၁၁ ခုအား နိုဝင်ဘာ ၂၀ ရက် နံနက် ၂ နာရီတွင် တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“နိုဝင်ဘာ ၂၁ မနက်ပိုင်းမှာလည်း တိုက်ပွွဲဖြစ်နေတယ်။ မုံးကိုးဘက်မှာလည်း ကျွန်တော်တို့ မဟာမိတ် MNDAA ၊ ကျွန်တော်တို့ မဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော် တိုက်ပွဲဖြစ်နေတယ်။ နမ့်ခမ်းဘက်မှာလည်းဖြစ်နေတယ်။ ဒီ မန့်တုံ၊ ကွတ်ခိုင် ဘက်မှာလည်း တိုက်ပွဲတွေက ဆက်ရှိနေတုန်းပါဘဲ။ တိုက်ပွဲပြင်းနေတာကတော့ လောလော ဆယ် မုံးကိုး ဒေသမှာ ပြင်းနေတယ်။ ပြီးတော့ မန့်တုံ နဲ့ ကွက်ခိုင် အစပ်မှာ တိုက်ပွဲ ပြင်းနေတယ်” ဟု ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆက်ပြောသည်။

မြောက်ပိုင်းမဟာမိတ် ညီနောင်တပ်ပေါင်းစုအဖွဲ့၏ စစ်ဆင်ရေးသည့် တပ်မတော်နှင့် အစိုးရတို့ အပေါ် မူတည်နေကြောင်း၊ အစိုးရနှင့်တွေ့ဆုံဆွေးနွေးပြီး နှစ်ဖက်အပစ်ရပ်ကြေညာမည်ဆိုပါကလည်း ရပ်တန့်သွားမည့်အနေအထားရှိနိုင်ကြောင်း ဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်း နမ့်ပေါင်တံတား၊ သိန္နီတံတား ပျက်စီးခဲ့ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကွတ်ခိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း) ရှိ တပ်မတော်တပ်စခန်းများနှင့် ရဲကင်းများကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားတွေအပါအဝင် ဒေသခံစုစုပေါင်း ၉ ဦးသေဆုံးခဲ့ပြီး ၂၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရဘက်မှ နိုဝင်ဘာ ၂၀ ရက်ကထုတ်ပြန် ကြေညာခဲ့သည်။

ရှမ်းပြည်နယ်အတွင်း မြောက်ပိုင်းမဟာမိတ် ညီနောင်တပ်ပေါင်းစုထိုးစစ်များကြောင့် တပ်မတော်အတွက် အင်အား ဖြည့်တင်းရန် အကြောင်းပြချက်ကောင်းတစ်ခုဖြစ်သွားမှာကို စိုးရိမ်မိသည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး စိုင်းငင်း က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းကလည်း MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊လောက်ကိုင်ဒေသသို့ ဝင်ရောက်တိုက်ခိုက်ရာတွင် AA နှင့် TNLA တို့ဝင်ရောက်ပါ ဝင်ရောက်ကူညီတိုက်ခိုက်ပေးခဲ့သဖြင့် တပ်မတော်မှ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာကာ အဆိုပါတိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့အား အချုပ်အခြာအာဏာကို ထိပါးသည်ဟုဆိုကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွင်းသို့ ပါဝင်ခွင့်မပြုခဲ့ပေ။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...