နေအိမ်တစ်လုံးလျှင် ကျပ်သိန်း၅၀တန်ဖိုးရှိ အဆိုပါအိမ်ရာများကို နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွ့ံဖြိုးရေးဝန်ကြီးဋ္ဌာနက ချထားပေးသည့် ဘတ်ဂျက်ဖြင့်ဆောက်လုပ်နေခြင်းဖြစ်ပြီး ယင်းအခြေအနေများနှင့်ပတ်သက်၍ လေးကေကော်မြို့သစ် အုပ်ချုပ်ရေးမှူးစောဋ္ဌေးမြင့်အောင်က ယခုလိုပြောသည်။
“အခုဒီအိမ်အလုံးကတော့(နတလ)ဘတ်ဂျက်နဲ့ နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေအတွက် သီးသန့်ပြန်ပြီးဆောက်ပေးတာဖြစ်ပါတယ်။တစ်ပြိုင်နက်တည်းဆောက်တဲ့အခါကျတော့ အားလုံးခြံုလိုက်ရင် ၃၀ရာခိုင်နှုန်းတော့ပြီးပါပြီ”ဟု ကေအိုင်စီသို့ပြောသည်။
ယခုဆောက်လုပ်နေဆဲ အိမ်ရာအလုံး၅၀မှာ သံဘောင်အုတ်ညှပ် အိမ်အမျိုးအစားများဖြစ်ပြီး နေရပ်ပြန်ဒုက္ခသည်များအတွက် အခမဲ့နေရာချထားပေးမည်ဖြစ်ကာ လာမည့်ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးဆောက်လုပ်သွားမည်ဟု လေးကေကော်အုပ်ချုပ်ရေးမှူး စောဋ္ဌေးမြင့်အောင်က ဖြည့်စွက်ပြောဆိုသည်။
(ကေအဲန်ယူ)နှင့် အစိုးရတို့ငြိမ်းချမ်းရေးဖော်ဆောင်နေသည့်ကာလအတွင်း ကေအဲန်ယူ၏ဖားအံ၊ဘိတ်-ထားဝယ်နှင့်ဒူးပလာယာ ခရိုင်များတွင်၂၀၁၄ခုနှစ်မှစတင်ကာ ကေအဲန်ယူတပ်ဖွဲ့ဝင်မိသားစုများနှင့် ပြည်တွင်းပုန်းရှောင်ဒုက္ခသည် IDPများအတွက်ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာများကို အကောင်အထည်ဖော်ဆောက်လုပ်လာခဲ့သော်လည်း ယခုမှသာနေရပ်ပြန်ဒုက္ခသည်များအတွက်ကို လေးကေကော်တွင် အိမ်ရာဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။
၎င်းအစီအစဉ်အပေါ် ဋ္ဌာနေမဲ့ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ-CIDKP တာဝန်ခံစောစတိဗ်က“အဲဒီလေးကေကော်မြို့ သစ်ကိစ္စတွေက တပ်မဟာ၆ကပဲစီစဉ်တာလို့သိရပြီး ကျနော်တို့နဲ့တော့ဘာမှတိုင်ပင်တာမရှိဘူး။အသိပေးတာလည်းမရှိဘူး။သူတို့ဖာသာသူတို့ကော်မတီဖွဲ့ပြီး လုပ်တာပဲလို့သိရတယ်။ဒါပေမဲ့ကရင်ဒုက္ခသည်ကော်မတီနဲ့ တိုင်ပင်မှုရှိလားမရှိလားတော့မပြောတတ်ဘူး”ဟု ပြောဆိုသည်။
ပြီးခဲ့သည့်၂၀၁၅ခုနှစ်ဖေဖော်ဝါရီလမှစ၍ ကရင်ပြည်နယ်အစိုးရ၊ နတလအကူအညီဖြင့် လေးကေကော်မြို့သစ်တွင်၂၀၁၅ခုနှစ်အတွင်း လူနေအိမ်အလုံးပေါင်း၂၁၃လုံးဆောက်လုပ်ပြီးစီးခဲ့ပြီး ယခု၂၀၁၆ခုနှစ်တွင် နိပွန်ဖောင်ဒေးရှင်းအကူအညီဖြင့် နေအိမ်အလုံး၁၀၀ထပ်မံ ဆောက်လုပ်လျှက်ရှိသည်ဟုသိရသည်။
လေးကေကော်မြို့သစ်ရှိ ဆောက်လုပ်ပြီးစီးသည့်နေအိမ်၂၁၃အိမ်အပါအဝင် အချို့သောပြည်တွင်းပုန်းရှောင် IDP များမှာ ၎င်းတို့အစီအစဉ်ဖြင့် နေအိမ်များဆောက်လုပ်နေထိုင်မှုကြောင့် အကျယ်အဝန်းအားဖြင့်ရ၅၅ဧကရှိသည့် လေးကေကော်မြို့သစ်တွင် လက်ရှိနေအိမ်ပေါင်း၄၆၂အိမ်ရှိနေပြီဖြစ်ကြောင်း မြို့သစ်စီမံကိန်းတာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့်အောက်တိုဘာလ၂၆ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ်ပြန်လည်ရောက်ရှိလာသည့် ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်အတွင်းရှိ နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည်မိသားစု၁၉စုကို လေးကေကော်မြို့သစ်၌ နေထိုင်ရန် တာဝန်ရှိသူများက ကနဦးစီစဉ်ထားခဲ့ကြသော်လည်း ၎င်းဒုက္ခသည်များအနက် မိသားစု၂စုသာသွားရောက် အခြေချနေထိုင်ခဲ့ကြသည်။







