ဖားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ပထမဆုံးအကြိမ်စာပေ၊ အနုပညာပွဲပြုလုပ်

ဖားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ပထမဆုံးအကြိမ်စာပေ၊ အနုပညာပွဲပြုလုပ်

ဖားအံတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂ ဦးဆောင်မှုဖြင့် လူငယ်လူရွယ်များအား စာပေချစ်မြတ်နိုး တတ်လာ စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ အနုပညာလက်ရာကို ပြသနိုင်ရန် ရည်ရွယ်ပြီး ဖားအံတက္ကသိုလ်၊ စာပေနှင့် အနုပညာပွဲတော်(Hpa-an University Literature & Art Show) ကို ယနေ့(ဖေဖော်ဝါရီလ ၂၆ရက်) ဖားအံတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်မှ စတင်ဖွဲ့စည်းလိုက်သည့် ဖားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂအနေဖြင့် ယခုပွဲကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်ဟုသိရပြီး ထိုသို့ ကျင်းပရသည့် ရည်ရွယ်ချက်များ နှင့်ပတ်သက်၍ ဖားအံတက္ကသိုလ်၊ ကျောင်းသားသမဂ္ဂမှ စာပေနှင့်ယဉ်ကျေးမှုရေးရာတာဝန်ခံ ကောင်းမြတ် လင်းက ကေအိုင်စီသို့ ယခုလို ပြောသည်။

၎င်းက “ဒီပွဲမှာ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အနုပညာလက်ရာကို အဓိကပြချင်တယ်။ ဒီမှာလည်း ရွက်ပုံးသီး အနုပညာရှင်တွေရှိတယ်ပေါ့နော်။ နောက်ပြီး စာပေချစ်တတ်လာအောင် စာအုပ်ရောင်းပွဲ တွေ၊ စာပေဟောပြောပွဲတွေလည်း လုပ်ပေးတယ်။ အနုပညာဆိုတဲ့အထဲမှာ စာပေ၊ ပန်းချီ၊ ဓာတ်ပုံ၊ Music Show တွေပါမယ် ↔ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် နိုင်ငံကျော် စာရေးဆရာများဖြစ်ကြသည့် မြေလတ်မောင်မြင့်သူနှင့် မောင် သာချိုတို့မှ ဗဟုသုတဖြစ်ဖွယ် စာပေဟောပြောမှုများ၊ တေးသီချင်း၊ အကပဒေသာများအပြင် တက္ကသိုလ် ပင်မ ဆောင်တွင် ကျောင်းသား၊ ကျောင်းသူများမှ ဖန်တီးထားသည့် ပန်းချီ၊ ဓာတ်ပုံနှင့် နံရံကပ်စာ စောင်ပြခန်းများ၊ စာအုပ်အရောင်းပြခန်းများ ဖွင့်လှစ်ပြသရောင်းချခြင်းများပါဝင်သည်။

ယခုပွဲသို့ ဖားအံတက္ကသိုလ်မှ ဆရာနှင့်ကျောင်းသူ၊ ကျောင်းသားများ၊ ဖားအံမြို့နယ်ရှိ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်များ၊ Learning Center များမှ ကျောင်းသားကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ စုစု ပေါင်း လူဦးရေ နှစ်ထောင်ကျော် တက်ရောက်ခဲ့ကြသည်။

ဖားအံတက္ကသိုလ်၊ ရုက္ခဗေဒ ပထမနှစ် ကျောင်းသူ နန်းခင်ချောချစ်က“စာဖတ်ရတာဝါသနာပါတယ်။ စာပေ ဟောပြောပွဲတွေ စိတ်ဝင်စားတယ်။ လာဟောပြောတဲ့ စာရေးဆရာတွေကို တွေ့ချင်လို့၊ သူတို့ရဲ့ အရည်အချင်း ကို သိချင်လို့ပါ။ ခုလို လာရောက်နားထောင်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ဗဟုသုတကြွယ်ဝတဲ့ လူငယ်တွေများမှ တိုင်းပြည် တိုးတက်လာမယ်လို့မြင်တဲ့အတွက် စာပေဟောပြောပွဲကို လူငယ်တွေအားလုံး တက်ရောက် နားထောင်သင့်တယ်”ဟုပြောသည်။

တက္ကသိုလ်ကျောင်းနှင့်တကွ ကျောင်းသူ၊ ကျောင်းသားများ၏ အခွင့်အရေးများ မဆုံးရှုံးစေရန်ှနှင့် ၎င်းတို့၏ စွမ်းရည်များကို ဖော်ထုတ်မြှင့်တင်ပေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖားအံတက္ကသိုလ် ကျောင်းသား သမဂ္ဂကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...