မွန်ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများအား လွှတ်တော်အောက်တွင်ထားရှိရေးတောင်းဆိုထား

မွန်ပြည်နယ်လွှတ်တော်ရုံးဝန်ထမ်းများအား လွှတ်တော်အောက်တွင်ထားရှိရေးတောင်းဆိုထား
by -
မွန်သတင်းအေဂျင်စီ
(ယာအစွန်ဆုံးလူ) မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတရပ်၌ ဒေါက်တာအောင်နိုင်ဦး တက်ရောက်နေစဉ်(Facebook)
(ယာအစွန်ဆုံးလူ) မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတရပ်၌ ဒေါက်တာအောင်နိုင်ဦး တက်ရောက်နေစဉ်(Facebook)
လက်ရှိ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား လွှတ်တော်၏ ဝန်ထမ်းများအဖြစ်ပြောင်းလဲ၍ လွှတ်တော်အောက်၌သာ ထားရှိစေရန် နိုဝင်ဘာလ (၇) ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့သို့ စာပေးပို့ တောင်းဆိုထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“အခုဝန်ထမ်းတွေက ထွေအုပ်ကနေလာတယ်ဆိုတော့ အုပ်ချုပ်ရေးအပိုင်းပဲသူတို့ကျွမ်းကျင်တယ်၊ ဒီ လွှတ်တော်အပိုင်းမှာ သူတို့တွေက နားမလည်ထားတော့ အစကနေ လေ့လာနေရတယ်၊ လေ့လာလို့ ကျွမ်းကျင်သွားတာနဲ့ သူတို့ပြောင်းရပြီး၊ နောက်အသစ်တွေ ထပ်ရောက်လာတယ် ဒီလိုဆိုတော့ အလုပ်ကအခက်အခဲဖြစ်နေတယ်၊ နောက် ဝန်ထမ်းကလည်း နည်းတော့ တာဝန်ခွဲဝေဖို့က အဆင်မပြေဘူး” ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ပြောသည်။

လက်ရှိ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများသည်  ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခန့်အပ်ပေးထားသော ဝန်ထမ်းများဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် မွန်လွှတ်တော်ရုံး၏ ညွှန်ကြားရေးမှုးအပါအဝင် ဝန်ထမ်း (၅၀) ဦးရှိနေပြီး၊ လာမည့်နှစ်များတွင် မွန်လွှတ်တော်ရုံးအတွက် ဝန်ထမ်းလိုအပ်ချက်အရ (၁၂၄) ဦးသို့ တိုးမြှင့်ချပေးနိုင်ရန်ကိုလည်း တောင်းဆိုထားကြောင်း၊ အဆိုပါဝန်ထမ်းများကို ထွေအုပ်၏ ဝန်ထမ်းအဖြစ် မထားရှိပဲ လွှတ်တော်အောက်တွင်သာ သီးခြားထားရှိသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌက ဆက်ပြောသည်။

ဒေါက်တာအောင်နိုင်ဦးက “အခုဝန်ထမ်းထပ်တိုးဖို့ကိစ္စအတွက် ဝန်ထမ်းဘယ်လောက်လိုတယ်၊ အဲဒီဝန်ထမ်းတွေအတွက်လစာက ဘယ်လောက်လိုတယ်၊ နောက် ဒီနှစ်သုံးနေတဲ့ ဘတ်ဂျတ်က အရင်အစိုးရက ရေးဆွဲထားတဲ့ ဘတ်ဂျက်ဖြစ်တော့ အရင်အစိုးရက အခုလို အစည်းအဝေးတွေ သိပ်မလုပ်ဘူးလေ၊ ဒါကြောင့် သူတို့ကုန်ကျစရိတ်က နည်းနေတယ်၊ အခုလွှတ်တော်သက်တမ်းရဲ့ ကုန်ကျစရိတ်က များနေတော့ ဒါကိုပါ ထပ်တိုးပေးဖို့  စာရင်းတင်ထားတယ်” ဟု ပြောသည်။

မွန်ပြည်နယ်လွှတ်တော် သာမန်အသုံးစရိတ်တွင် လွှတ်တော်ဥက္က္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေ၊ ဝန်ထမ်းများ၏ လစာ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ခရီးစရိတ်၊ ရုံးအသုံးစရိတ် (စာရွက် စာတမ်းစရိတ်)၊ ပြင်ဆင်ထိန်းသိမ်းစရိတ် တို့ပါဝင်ကြောင်း၊ ၄င်းအထဲမှ လွှတ်တော်ကိုယ်စားလှယ်များ၏ ခရီးစရိတ်နှင့် ဧည့်ခံကျွေးမွေးစရိတ်သည် နည်းနေသည့်အတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

 (၂၀၁၀) ခုနှစ်၌ လွှတ်တော်အသီးသီးပေါ်ပေါက်လာပြီး လွှတ်တော်ဝန်ထမ်းမရှိသည့်အတွက်  အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းများအား ခေါ်ယူအသုံးပြုခဲ့ရကြောင်း သိရသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော် မတီ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီ၊ ဘဏ္ဍာရေးစီမံကိန်း နှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ၊ ပြည်နယ်အစိုးရအဖွဲ့၏ အာမခံချက်များ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၊ တိုင်ကြားစာ အသနားခံစာ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ စသည့် ကော်မတီ (၇) ခု ဖွဲ့စည်းထားရှိရာ လွှတ်တော်အစည်းအဝေးရက်နှင့် ရုံးပိတ်ရက်မှအပ အခြားနေ့ရက်များတွင် ကော်မတီရေးရာအစည်းအဝေးများ ပြုလုပ်လျက်ရှိသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...