ဘန်ကောက်ရောက် ကရင်များ နှစ်သစ်ကူးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပ

ဘန်ကောက်ရောက် ကရင်များ နှစ်သစ်ကူးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် ပြည်ပရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)မှ ဦးဆောင်ပြီး ကရင်နှစ် ၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲတော်ကို ယမန်နေ့ (ဇန်နဝါရီ၂၇ ရက်)တွင် ဘန်ကောက်ရောက်ကရင်များက အစဉ်အလာမပျက် စုပေါင်း ကျင်းပပြုလုပ်သည်။

“ကျနော်တို့ရဲ့ ရိုးရာဓလေ့ တိုးတက်မြင့်မားပြီး အခြားလူမျိုးစုတွေလည်း သိရအောင်၊ ဘန်ကောက်မှာ ရောက်နေ ပေမယ့်လည်း နောင်လာနောက်သားတွေအတွက် ရိုးရာဓလေ့တွေ မမေ့ရလေအောင် နှစ်စဉ်နှစ်တိုင်း အစဉ်အလာ မပျက် ကျင်းပရခြင်းဖြစ်တယ်” ဟု OKRSO ဥက္ကဌ စောမင်းခိုင်ဦးက ကေအိုင်စီသို့ ပြောသည်။

ဘန်ကောက်မြို့၊ လားမီထာစွဲလမ်း ၁၀၉၊ ဝပ်ဖယားစူးလင်းဘုန်းကြီးကျောင်း၌ ကျင်းပသည့် ယင်းအခမ်းအနားသို့ OKRSO၏ မဟာမိတ်အဖွဲ့များဖြစ်ကြသော Karen Help Karen -KHK ၊ ကလိုထူးဘော ကရင်အစည်းအရုံး-KKO ၊ ကရင်ကူညီစောင့်ရှောက်ရေးအဖွဲ့-KCSG ၊ KLKC ၊ Bangkok Karen Lietchawnwait Association -BKLA ၊ ထိုင်း လူ့အခွင့်အရေးနှင့် ရှေ့နေများကောင်စီအဖွဲ့ဝင် ရှေ့နေကြီး အာကျန် စူလဖွန်နှင့် ဘန်ကောက်ရောက် ကရင်တိုင်း ရင်း သားများ စုစုပေါင်းလူဦးရေ ၆၀၀ ခန့် တက်ရောက်ဆင်နွှဲခဲ့ကြသည်။

ထိုနေ့ အခမ်းအနားတွင် ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ ကရင်အမျိုးသား သီချင်းသီဆိုခြင်း၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံကို ဖတ်ကြားခြင်း၊ ကရင့်ရိုးရာ ကောက်သစ်စားခြင်း၊ ကရင်ဒုံးအက များဖြင့် ကပြဖျော်ဖြေခြင်း၊ ကရင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်းနှင့် ချစ်ကြည်ရေး ဘောလုံးပွဲများ ထည့်သွင်းကျင်းပခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသူ စောထီ့ဝါးက“တစ်နှစ်တစ်ကြိမ် ကျနော်တို့ နှစ်သစ်ကူးမှာ ကျနော်တို့ရဲ့ ကရင်လူမျိုး ညီအစ်ကို မောင်နှမတွေနဲ့ပြန်ဆုံတွေ့ရတော့ အရမ်းကို ဝမ်းသာပီတိဖြစ်မိတယ်။ ကျနော်တို့ရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုတွေ မပပျောက်အောင် ထိန်းသိမ်းမြှင့်တင်ဖို့အတွက် ကရင်လူမျိုးတိုင်းမှာ တာဝန်ရှိတယ်။ ယခုအချိန်မှာ ကရင်နှစ်ကူးနေ့ဟာ ကျနော်တို့ လက်ထဲမှာရှိတယ်။ နောင်တစ်ချိန်မှာ နောင်လာနောက်သားတွေအတွက် ကျန်ခဲ့ အောင် ထိန်းသိမ်းမြှင့်တင်စေချင်တယ်”ဟု ပြောသည်။

OKRSO အဖွဲ့အနေဖြင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဦးဆောင် ကျင်းပလာမှုမှာ (၂၆) ကြိမ်မြောက်ပြီဖြစ်ပြီး ယခုနှစ် ကရင်နှစ် ၂၇၅၈ နှစ်၊ ကရင်နှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံဘန် ကောက်မြို့အနီးတဝိုက်ရှိ လန်စီ၊ ဖလန်ဆောင်၊ ပါနန်း၊ ဖါ့ထယာနှင့် နွန်ထာ့ဘူလီတို့တွင်လည်း အလားတူ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...