“ဒီနှစ်လာရောက်အပန်းဖြေသူများလာတယ်။ လမ်းကြမ်းတော့ သွားလာသူတွေအခက်အခဲရှိတယ်။ ရွာသားတွေနဲ့စုပေါင်းပြီး ပြင်ပေးနေတယ်။ ရွာလုပ်အားနဲ့ဆိုတော့ အများကြီးမလုပ်နိုင်ဘူးပေါ့လေ။ တာဝန်ရှိသူတွေအနေနဲ့ လမ်းလေးတစ်လမ်းလောက် အကူအညီရလိုချင်ပါတယ်”ဟု ကျုံခဝန်ကျေးရွာ အုပ်ချုပ်ရေးမှူး စောစိုးသိန်းကနို၀င်ဘာ(၄)ရက်နေ့တွင်ကေအိုင်စီသို့ပြောသည်။
အမြင့်ပေ(၂၀၀)ကျော်ရှိကာ တစ်နှစ်လုံးရေစီးဆင်းနေသည့် ၎င်းရေတံခွန်ကို ရက်ကြီးခါကြီးတွင် နေ့စဉ်လူတစ်ရာကျော်အထိ လာရောက်အပန်းဖြေကြပြီး လာရောက်အပန်းဖြေသူများ အဆင်ပြေသွားလာနိုင်ရန် ကျေးရွာလုံခြံုရေးအဖွဲ့မှ တာဝန်ယူထားသလို ကျေးငှက် သတ္တဝါမျိုးစိတ်ပေါင်းစုံ၊ အပင်မျိုးစိတ်အများအပြားလည်း သဘာဝဘေးမဲ့အဖြစ် ထိန်းသိမ်းထားသည်ဟု ၎င်းကဆက်ပြောသည်။
ထို့အပြင် ယင်းလှိုင်ထောင်ဖလမေရေတံခွန်ကြီး၏ တောင်ဘက်ခြမ်း ၄ဖာလုံအကွာတွင် အမြင့်ပေ(၁၀၀)ကျော်ရှိ နှစ်ထပ်ဆင့်စီးဆင်းနေသည့် လှိုင်ထောင်ယဖလာရေတံခွန်ကြီးတစ်ခုနှင့် ရေတံခွန်ငယ်(၃)ခုရှိသေးသည်ဟုလည်း ဒေသခံရွာသားများ၏ ပြောပြချက်အရသိရသည်။
ခလယ်ကျေးရွာမှ စောငယ်ထွေးက“ကျနော်ရောက်ဖူးသမျှဒီရေတံခွန်က သဘာဝအရမ်းကျတယ်။ နွေရာသီမှာတောင် ရေကတလဟော စီးဆင်းနေတယ်။ သစ်တောတွေ စမ်းချောင်းတွေ ကျေးငှက်သတ္တဝါမျိုးစုံကအစ နှစ်ရှည်ထိန်းသိမ်းထားတော့ကိုယ့်အတွက် အထူးအဆန်းတွေကြီးပဲ မြင်နေရတယ်။ တာဝန်ရှိသူတွေအနေနဲ့ လမ်းလေးပြင်ပေးလိုက်ရင် ကမ္ဘာလှည့်ခရီးသွားသူတွေအတွက် စိတ်ဝင်စားစရာနေရာတစ်ခု ဖြစ်လာမှာသေချာတယ်” ဟုပြောသည်။
၎င်းကိစ္စအပေါ် ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောယှားဖောင်အွာ က “ရေတံခွန်ကိုသွားရောက်လေ့လာသွားမယ်။ ဘာတွေလိုအပ်ချက်တွေရှိနေတာလဲ။ ခရီးသွားပြည်သူတွေ အဆင်ပြေပြေနဲ့ လာရောက်လည်ပတ်နိုင်အောင် အချက်လက်ပြုစုပြီး ပြန်လည်တင်ပြပေးသွားမယ်။”ဟုကေအိုင်စီသို့ ပြောသည်။
ကျံုခဝန်ကျေးရွာ၏ အနောက်ဘက် (၅)မိုင်အကွာရှိ လှိုင်ထောင်ဖလမေရေတံခွန်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၏ ထိန်းချုပ်မှုနယ်မြေတွင် တည်ရှိပြီးယခုနှစ် ၂၀၁၆ခုနှစ်မှသာစတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။







