ရေးတောင်ပိုင်း၊ တရုတ်ထောက်ကမ်းခြေဝန်းကျင် မြေဈေး အဆမတန်မြင့်တက်

ရေးတောင်ပိုင်း၊ တရုတ်ထောက်ကမ်းခြေဝန်းကျင် မြေဈေး အဆမတန်မြင့်တက်
by -
မွန်သတင်းအေဂျင်စီ
တရုတ်ထောက်ရွာတောင်ဖက်ရှိ ဓမ္မသတ်ကမ်းခြေတစ်နေရာကို တွေ့ရစဉ် (MNA)
တရုတ်ထောက်ရွာတောင်ဖက်ရှိ ဓမ္မသတ်ကမ်းခြေတစ်နေရာကို တွေ့ရစဉ် (MNA)
စီးပွားရေးလုပ်ငန်းရှင်အချို့ မြေနေရာ ဝယ်ယူမှု များပြားလာခြင်းကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့၊ ကျုံညဲကျေးရွာအုပ်စုဝင် တရုတ်ထောက်ကျေးရွာအနီး ဓမ္မသတ်ကမ်းခြေဝန်းကျင်ရှိ မြေစျေးများ အဆမတန် မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဤနေရာတွင် မြေတစ်ဧက တစ်သိန်းကျပ်ခန့်သာ ရှိရာမှ ၂၀၁၃ ခုနှစ်မှစ၍ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ဝယ်ယူခြင်းကြောင့် တစစမြင့်တက်လာပြီး ယခုလက်ရှိတွင် သိန်း ၁၀၀ ကျော်ထိ မြင့်တက်လာခြင်း ဖြစ်သည်ဟု တရုတ်ထောက်ကျေးရွာ ရွာခွဲခေါင်းဆောင် နိုင်ချမ်း က ပြောသည်။

“ဝယ်တဲ့လူတွေက ပိုင်ရှင်တွေ ဈေးခေါ်သလောက် ဝယ်နေကြတာပဲ” ဟု သူက ပြောသည်။

တရုတ်ထောက်ကမ်းခြေသည် ကဗျာဝကမ်းခြေစီမံကိန်းတွင် ပါဝင်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ ကဗျာဝကျေးရွာဝန်းကျင်တွင် မြေပိုင်ဆိုင်မှု အရှုပ်အထွေး များပြားနေခြင်းကြောင့် ဓမ္မသတ်ကမ်းခြေဖက် အာရုံစိုက်မှု များလာခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

ကဗျာဝကမ်းခြေ အပန်းဖြေစခန်းစီမံကိန်း ဧရိယာမှာ ရေးမြို့ တောင်ဘက် ၁၇ မိုင်ဝန်းကျင် အကွာရှိ ကဗျာဝကျေးရွာအနီးမှ တောင်ဘက် မန်ကျည်းချောင်းဝထိ အရှည် ၈ မိုင်ခန့်ရှိ ပင်လယ်ကမ်းခြေတစ်လျှောက် ဖြစ်သည်။

ဓမ္မသတ်ကမ်းခြေသည် ရေးမြို့၏ တောင်ဖက် ၁၉ မိုင်ဝန်းကျင်ရှိ ခေါဇာမြို့၏ အနောက်တောင်ဖက်ယွန်းယွန်း ၃ မိုင်ဝန်းကျင်ရှိ တရုတ်ထောက်ကျေးအနီးတွင် တည်ရှိပြီး၊ အရှည် ၂ မိုင်ခန့် ရှည်လျားသည်။

အိမ်ခြေ ၆၀ ဝန်းကျင် ရှိသည့် တရုတ်ထောက်ရွာ၏ တောင်ဖက်တွင် တည်ရှိသည့် ဓမ္မသတ်ကျွန်းကို အစွဲပြု၍ ဓမ္မသတ်ကမ်းခြေဟု အမည်တွင်ပြီး ကြည်လင်သည့် ရေ၊ ပြန့်ပြူးသည့် သဲသောင်ပြင်နှင့် ငြိမ့်ညောင်းသည့် လှိုင်းများ ရှိသော်လည်း မိုးရာသီတွင် သွားလာရခက်ခဲသည့်နေရာတစ်ခု ရှိသည်။

ရေးမြို့နေ လုပ်ငန်းရှင်တစ်ဦး ဖြစ်သည့် ဦးအောင်နိုင်ဝင်း က “မွန်ပြည်နယ်ထဲမှာ ရောက်ဖူးသမျှ ပင်လယ်ကမ်းခြေတွေထဲမှာဆို ဒီကမ်းခြေက အလှဆုံးပဲ။ ဒါပေမဲ့ အခက်အခဲလေးတစ်ခု ရှိတာက လမ်းပန်းဆက်သွယ်ရေးပါ။ ဒါကလည်း မခက်ပါဘူး၊ သေချာပြန်လုပ်လိုက်ရင် ကောင်းသွားမှာပါ” ဟု မှတ်ချက်ပြု ပြောဆိုသည်။

ရေးမြို့နယ်တွင် လှပသည့်ပင်လယ်ကမ်းခြေနေရာ အများအပြား ရှိပြီး၊ သဲသောင်နှင့် ကမ်းခြေအနေအထား အားနည်းချက်များ ရှိသည်ဟု ယူဆခြင်းကြောင့် လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံမှု နည်းကြောင်း၊ ကဗျာဝကမ်းခြေစီမံကိန်းတွင် ပါဝင်သည့် ပင်လယ်ကမ်းခြေသည် သဲသောင်နှင့် လှိုင်းအနေအထားမှာ ပြည့်စုံမှု ရှိပြီး၊ ကြည်လင်သည့် ရေလည်း ရှိခြင်းကြောင့် လုပ်ငန်းရှင်များ စိတ်ဝင်စားခြင်း ဖြစ်ကြောင်း သူက ပြောသည်။

ကဗျာဝကမ်းခြေ အပန်းဖြေစခန်းစီမံကိန်းကို အမေရိကန် ဒေါ်လာ ၁၂ သန်း ကနဦး ရင်းနှီးမြှုပ်နှံပြီး ၂၀၁၅ ခုနှစ်အတွင်း အကောင်အထည်ဖော်သွားမည်ဟု ရန်ကုန်မြို့အခြေစိုက် Aurum Company Limited က ပြောဆိုခဲ့သော်လည်း ယနေ့တိုင် အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရေးမြို့နယ် တောင်ဖက်တလျှောက်ရှိ ပင်လယ်ကမ်းခြေများသည် မွန်ပြည်နယ်အတွင်း အလှပဆုံးကမ်းခြေတစ်ခု ဖြစ်သော်လည်း ယခင်က လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်းနှင့် တည်ငြိမ်းအေးချမ်းမှု မရှိသည့်အတွက် လူသိနည်းသည့် နေရာတစ်ခု ဖြစ်ခဲ့သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...