ကျိုက်ထီးရိုး တောင်တက်ယာဉ် အစီး ၃၀ ထပ်မံ တိုးချဲ့ ပြေးဆွဲခွင့်ရရှိရေးအတွက် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ဒေသခံများက ပြည်ထောင်စုအစိုးရအဖွဲ့ထံ ထပ်မံတင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြေးဆွဲခွင့်ရရှိရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် နိုဝင်ဘာ ၁၉ ရက်က လာရောက်တွေ့ဆုံတင်ပြခဲ့ပြီးနောက် ဒေသခံ ကိုစိုးကိုကိုမောင်က မီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိပြေးဆွဲနေသော တောင်တက်ယာဉ်အသင်းမှာ ပြင်ပစီးပွားရေးလုပ်ငန်းရှင်များသာ ပြေးဆွဲနေမှုကြောင့် ဒေသခံပြည်သူများ နစ်နာဆုံးရှုံးနေသဖြင့် ဒေသခံပိုင် ယာဉ်များ ပြေးဆွဲခွင့်ရရှိရေး ဝန်ကြီးချုပ်ထံ လာရောက်တင်ပြခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယင်းသို့ တင်ပြလာမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့က ကော်မတီတစ်ရပ်ဖွဲ့စည်းကာ စစ်ဆေးခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။
“စစ်ဆေးချက် အစီရင်ခံစာအရ ကျိုက်ထီးရိုးတောင်တက်လမ်းအနေအထား၊ ဂိတ်နေရာအနေအထား၊ လမ်းခံနိုင်ဝန်အား၊ တောင်တက်ယာဉ်အသင်း ကြီးကြပ်မှုအနေအထားအရ တောင်တက်မော်တော်ယာဉ်အသင်း၏ လက်ရှိပြေးဆွဲနေသော မော်တော်ယာဉ်အစီး ၁၅၀ ဖြင့် လုံလောက်မှုရှိပါကြောင်း တင်ပြလာတယ်။ အဲဒီကြောင့် လောလောဆယ် တိုးချဲ့ဖို့အစီအစဉ်မရှိဘူး”ဟု ၎င်းက ဆိုသည်။
ဒေသခံတို့အနေဖြင့် ယင်းကိစ္စအတွက် နိုင်ငံတော်သမ္မတရုံးသို့ ၁၃ ကြိမ် တင်ပြထားပြီးဖြစ်ကြောင်း၊ ယခုလ ၁၉ ရက်တွင်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံထံ လူကိုယ်တိုင်လာရောက် တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
“ပြည်နယ်အစိုးရအဖွဲ့ကို လူကိုယ်တိုင် လာရောက်တွေ့ဆုံတာ ၁၄ ကြိမ်လောက်ရှိတယ်။ တွေ့ခွင့်ရတာ ၄ ကြိမ်၊ ၅ ကြိမ်လောက်ရခဲ့တယ်။ ကျန်တာတွေတော့ တွေ့ခွင့်မရဘဲ ပြန်ခဲ့ရတယ်။ ဒီမော်တော်ယာဉ်တစ်စီးကို သိန်း ၄၅၀ လောက် ရင်း ရပါတယ်။ လက်ရှိအစီးရေ ၃၀ စုဆောင်းထားတယ်။ ဝန်ကြီးချုပ်ကတော့ ဒီတောင်တက်မော်ယာဉ် အစီး ၁၅၀ ထက် ပိုပြီး ခွင့်ပြုမှာမဟုတ်ဘူး” ဟု လာရောက်တွေ့ဆုံသူ ဒေသခံ ဦးဇော်နိုင်က ပြောသည်။
ဒေသခံ လူအင်အား ၁၅၀ ခန့်က ယာဉ်အစီး ၂၀ကျော်ဖြင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ယင်းနေ့က လာရောက်စဉ် သံလွင်တံတား မုတ္တမထိပ်၌ မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက တားဆီးခဲ့ပြီး တွေ့ဆုံလိုသူ ၈ ဦးခန့်ကိုသာ ဖြတ်သန်းခွင့်ပြုခဲ့ကြောင်း သိရသည်။



