မန်ပိန်းစစ်ရှောင် ၂၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ

မန်ပိန်းစစ်ရှောင် ၂၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူ လားရှိုး ကားလမ်းပေါ် က မန်ပိန်းရွာတဝိုက်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားမှုကြောင့် မန်ပိန်း အောက်ရွာ သို့ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ( SSPP) နှင့် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ( RCSS )တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားကာ မန်ပိန်းအောက်ရွာသို့ ရွာသား ၂၀၀ ကျော် စစ်ရှောင် ထွက်ပြေးခိုလှုံနေရသဖြင့် စားဝတ်နေရေး အတွက် ခက်ခဲနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ဆရာဇော်ယော် က ပြောသည်။

“မန်ပိန်း အပေါ်ရွာ အနီးမှာ လက်နက်ကိုင်တွေရှိတော့ မန်ပိန်းအောက်ရွာကိုရှောင်ပြေးလာတယ်။ ဒီချိန်က လယ်ယာ လုပ်မယ့်ချိန်ဆိုတော့ အဝေးကြီးလည်း မထွက်ပြေးကြဘူး။ တိုက်ပွဲတွေငြိမ်ရင် လယ်ပြေးလုပ် လို့ရအောင်လို့ မန်ပိန်းအောက်ရွာမှာ လာရှောင်နေကြတာ။ မြို့ဆိုရင် စားဖို့နေဖို့က လွယ်တယ်။ ကျေးရွာဆိုတော့ အလှူရှင်တွေက မလာကြဘူး။ မလာရဲဘူး” ဟု ဆရာဇော်ယော် က ဆိုသည်။

Photo by SHAN/မန်ပိန်းရွာသူဒေါ်မာလွှတ်အား ရွာသားများသွားရှာဖွေနေစဉ်

တိုက်ပွဲများ ပြန် ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ကလေးစာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ တွင် စုဝေးနေထိုင်ရကြောင်း၊ လက်ရှိ ကလေးများ စာသင်ကျောင်းပိတ်ထားရကြောင်း လည်းသိရသည်။

“ တိုက်ပွဲတွေဖြစ်တော့ ဆရာမတွေလည်း ထွက်ပြေးကုန်ပြီ။ ဆရာမတွေ မရှိတော့ ကလေးတွေ ကျောင်းပိတ်ထားရတယ်။ တိုက်ပွဲတွေ ရပ်စေချင်ပြီ” ဟု ဆရာဇော်ယော်က ဆိုသည်။

အောက်တိုဘာ လမှ စတင်ကာတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင်း အရပ်သား ၂ ဦး အပြင် လသား ကလေးငယ် တဦး ပါသေဆုံးခဲ့ရသည်။

“ နိုဝင်ဘာ ၁၇ ရက်နေ့က တိုက်ပွဲတွေ ဖြစ်တော့ လယ်ကနေ ပြန်လာတဲ့ အသက် ၆၂ အရွယ် ဒေါ်မာလွတ် ဝမ်း ဗိုက် ကျည်ထိမှန်ပြီးသေဆုံးသွားတယ်။ သူ့ အလောင်းကို မနေ့က တွေ့တယ်။ ဒီနေ့ (နို၀င်ဘာ ၁၉ ရက်) သဂြိုလ်တယ်။ ဒီတိုက်ပွဲမှာ ဒေါ်မာလွတ် အပြင် သေတာ ၃ ယောက်ရှိပြီ ” ဟု ဆရာဇော်ယော် က ထပ်လောင်းပြောသည်။

နိုဝင်ဘာ ၁၅ ရက်နေ့တွင် မန်ပိန်းရွာ၊ ဆယ့်သုံးမိုင် ဂေါ်ရခါးရွာ နှင့် ပန်ဟုန်းရွာ ဘက်ပိုင်းတွင်တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ကာ အီနိုင်းကျေးရွာဘုန်းကြီးကျောင်းသို့ စစ်ရှောင် ၁၃၀ ကျော် ထွက်ပြေး ပြီး၊ တချို့မှာ မန်ပိန်း အောက်ရွာ တွင် တိမ်းရှောင်ကြသည်။

“ အီနိုင်းက စစ်ရှာင် ၁၃၀ က ဒီနေ့ပဲ သူတို့ ရွာကိုပြန်တယ် ” ဟု အီနိုင်းစစ်ရှောင် ကူညီပေးသည့် စိုင်းရင် က ပြောသည်။

သျှမ်းပြည်နယ် မြောက်ပိုင်းတွင်း တိုက်ပွဲကြောင့် ပြည်သူများ လယ်ယာ ကောင်းမွန်စွာ မလုပ်နိုင်ကြကြောင်း၊ ကလေးငယ်များ ပညာ ကောင်းမွန်စွာ မသင်ကြား နိုင်သဖြင့် တိုက်ပွဲများ ရပ်ဆိုင်းရန် ဒေသခံ ပြည်သူများ တောင်းဆိုကြသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...