လားရှိုးမြို့နယ်အတွင်း အစိုးရတပ်မတော်ထိုးစစ်ဆင်သည့်အတွက် ဒေသခံ ၁၀၀ ကျော်စစ်ဘေးရှောင်ရောက်

လားရှိုးမြို့နယ်အတွင်း အစိုးရတပ်မတော်ထိုးစစ်ဆင်သည့်အတွက် ဒေသခံ ၁၀၀ ကျော်စစ်ဘေးရှောင်ရောက်
(Photo by KLP)
(Photo by KLP)

လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် TNLA အား အစိုးရတပ်မတော်ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် ဒေသခံရွာသား ၁၀၀ ကျော် နေရပ်မှထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၄ နာရီခန့်ကတည်းက မိုင်းယော်တိုက်နယ် တောင်ဘက် ပန်လော့ရွာနှင့်လွယ်စန်းရွာတို့ဘက်တွင် ပစ်ခတ်တိုက်ခိုက်သံများလက်နက်ကြီးကျည် ပစ်ခတ်သံများကြား ရပြီးနောက် မိုးလင်းချိန်တွင် မိုင်းယော်သို့ စစ်ဘေးရှောင်ရွာသား ၁၀၀ ခန့်ရှိနေကြောင်း မိုင်းယော်ဒေသခံ စိုင်းကမ် ကပြောသည်။

“ရွာကလာတဲ့စစ်ဘေးရှောင် အခုဆိုရင် ၁၀၀ ကျော်ပြီ။ တချို့လည်းမိုင်းယော်ထဲက အမျိုးတွေဆီမှာခိုလှုံတယ်။ တချို့လည်း လားရှိုးဆက်ဆင်းသွားတာ ကား ၃-၄ စီးလောက်ရှိတယ် ။ ပန်လော့ရွာ နဲ့ လွယ်စန်းရွာကြား လောက်မှာဖြစ်တယ်။ အသံက မိုင်းယော်ကနေတောင်ကြားနေရတယ်။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

တိုက်ပွဲဖြစ်ပွါးသည့်နေရာသည် မိုင်းယော် တောင်ဘက် ၃ မိုင်ခန့်အကွာတွင်ရှိပြီး ယမန်နေ့ညနေပိုင်း ကတည်းက ပန်လော့ရွာသို့ အစိုးရတပ်များဝင်ရောက်လာကာ ပန်လော့ရွာသူကြီးနှင့်ရွာသားများထံ တအာင်းလက်နက်ကိုင်တပ်ဖွဲ့များအကြောင်းစုံစမ်းမေးမြန်းကြောင်း စစ်ဘေးရှောင်ရွာသား တဦးထံမှသိရသည်။

မည်သည့်တပ်ကမသိရသော်လည်း လွန်ခဲ့သည့် ၃-၄ ရက်ကတည်းကအစိုးရတပ်များ မိုင်းယော်အရှေ့ဘက် သံလွင်မြစ်အနီး မိုင်းကျက်- ပန်ရှော်ဘက်သို့ အစိုးရတပ်များအင်အားဖြည့်တင်းဝင်ရောက်လာကြောင်း လားရှိုးရောက် မိုင်းကျက်ဒေသခံကလည်းပြောပါသည်။

အောက်တိုဘာလ အတွင်းသျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ၊ လားရှိုးမြို့နယ်တို့တွင် လည်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS တို့အကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးသဖြင့် ဒေသခံထောင်နှင့်ချီ နေရပ်မှစွန့်ခွါကာ စစ်ဘေး ရှောင်နေခဲ့ရသည်။

တဖက်တွင်လည်း အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်သုံးဖွဲ့ဖြစ်သည့် တအာင်း TNLA၊ ကိုးကန့် MNDAA နှင့် ရခိုင် AA တို့ တရုတ်နိုင်ငံ ကူမင်းမြို့၌ အောက်တိုဘာလ ၃၁ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...