သြစတေးလျပြန် သျှမ်း(ရှမ်း)ဓါတ်ပုံပညာရှင်နှင့်ကာတွန်းဆရာဟန်လေး တို့ပူးတွဲစီစဉ်သည့် Figure ဓါတ်ပုံ- ပန်းချီပြပွဲတရပ်ကိုရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်ပြသသွားရန်ရှိကြောင်းသိရသည်။
အဆိုပါ Fine Art Nude Photos ဓါတ်ပုံ – ပန်းချီများမှာ သြစတေးလျပြန် ဓါတ်ပုံဆရာ စိုင်းကျော်ခိုင် နှင့် ပန်းချီ ကာတွန်းဆရာ ဟန်လေး တို့ ၏ အနုပညာလက်ရာများဖြစ်ကြပြီး အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ ့အထိ ရန်ကုန်မြို့ ကျောက်တံခါးမြို့နယ်ရှိ Moon Art Gallery တွင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
“ အားလုံး ကျနော့်ပုံက ၁၇ ပုံပြပါမယ်။ ဆရာဟန်လေးရဲ့ပန်းချီက ၈ ပုံ ပြပါမယ်။ ပန်းချီ ဓါတ်ပုံ အနုပညာ စိတ် ပါ ၀င်စားသူလူငယ်တွေအတွက်တော့ ဒီအမျိုးအစား Art တွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ ဒီပြပွဲလုပ်ဖို့ ကျနော်တို့ပြင်ဆင်လာတာ ၃ နှစ်လောက်ရှိပါပြီ။ ဘာအခက်အခဲတွေရှိလဲဆိုတော့ မြန်မာနိုင်ငံမှာက ဒီလိုမျိုးရိုက်ဖို့ မော်ဒယ်ရှာရအရမ်းခက်ပါတယ်။ တခြားနိုင်ငံတွေလိုမဟုတ်သေးတော့လေ။ မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်ပြသခြင်းလို့လည်းပြောလို့ရပါတယ်။ ” – ဟု ဓါတ်ပုံဆရာ စိုင်းကျော်ခိုင် ကပြောသည်။
အဆိုပါ ပန်းချီနှင့် ဓါတ်ပုံများပြပွဲကဲ့သို့ တောင်ကြီးမြို့တွင်လည်း သွားရောက်ပြုလုပ်မည်ဖြစ်ကြောင်း ၊ ထို့ပြင် ရှုခင်းပုံများ ပြသရန်လည်းစီစဉ်ထားကြောင်း သို့သော်၄င်းအတွက်နေ့ရက်နှင့်နေရာကိုမူ မရွေးရသေးကြောင်း စိုင်းကျော်ခိုင်ကပြောသည်။
“အခုကျနော့ပုံတွေက Shape ပုံဖြစ်အောင်အသားပေး ရိုက်ထားတာဖြစ်တယ်။ ဆိုတော့ လိုင်းပုံဖြစ်အောင်ရိုက်ရတာထက် ပိုပြီးခက်ခဲပါတယ်။ တခြားဓါတ်ပုံဆရာတွေကိုမငှားပါဘူး အားလုံးက ကျနော်ကိုယ်တိုင်ရိုက်ထားတာပါ။ လာပြီးတော့လေ့လာကြည့်စေချင်ပါတယ် ” – ဟု စိုင်းကျော်ခိုင်ကပြောသည်။
ပြီးခဲ့သည့်ဇွန်လကလည်း အဆိုပါ Moon Art Gallery တွင်ပင် ကာတွန်းဆရာဟန်လေး၏ ကာတွန်းစာအုပ်မိတ်ဆက်ပွဲပြုလုပ်ခဲ့ပါသည်။
ဓါတ်ပုံဆရာစိုင်းကျော်ခိုင်သည် သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ်ဇာတိဖြစ်ပြီး ရန်ကုန်မြို့ ပန်းချီ ပန်းပုကျောင်းနှင့် သြစတေးလျနိုင်ငံ အနုပညာသင်တန်းကျောင်းတို့တွင် အနုပညာများဆည်းပူးလေ့လာခဲ့သူဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် သြစတေးလျနိုင်ငံဓါတ်ပုံပြပွဲ ၊ ၂၀၁၈ ခုနှစ်ရန်ကုန်မြို့ ဓါတ်ပုံပြပွဲ တို့တွင် ဆုများရရှိခဲ့သည့်အပြင်၊ The Art of Freedom flim festival Yongon 2012 တွင် The best of Documentary ဆု နှင့် Nikon International Photo Contest 2012- 2013 တွင် ဒုတိယဆုများ ဆွတ်ခူးရရှိခဲ့သည်။
ကာတွန်းဟန်လေး မှာမူ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးခရိုင် နောင်မွန် နယ်တွင် မွေးဖွားခဲ့သူတဦးဖြစ်သည်။ ပန်းချီပညာကို ၁၉၈၂ခုနစ် က ရန်ကုန် ပန်းချီ ပန်းပု အနုပညာကျောင်း တွင် တက်ရောက်သင်ကြားခဲ့ ပြီး မြန်မာ့နိုင်ငံရေးရုပ်ပြောင်ကာတွန်း လက်ရာပြောင်မြောက်မှုကြောင့် ၂၀၁၀ ခုနစ်ကအမေရိကန် နိုင်ငံ နယူးရောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က ကာတွန်းဟန်လေးအား Hellme/Hammett ဆု ချီးမြှင့်ခဲ့သည်။ ၄င်းသည် ကာတွန်း အပြင် ပန်းချီရေးဆွဲခြင်း ပန်းပုထွင်းခြင်းလည်းပြုလုပ်ပါသည်။







