လဲချားမြို့ လယ်ယာမြေဧက ၁၀၀၀ ကျော်တွင် ကျောက်မီးသွေးတူးဖော်မည့်စီမံကိန်း လူထုအလိုမရှိကြောင်း ဆန္ဒပြထုတ်ဖော်

လဲချားမြို့ လယ်ယာမြေဧက ၁၀၀၀ ကျော်တွင် ကျောက်မီးသွေးတူးဖော်မည့်စီမံကိန်း လူထုအလိုမရှိကြောင်း ဆန္ဒပြထုတ်ဖော်
by -
ယိင်းစံဖွေ
လဲချားမြို့ လယ်ယာမြေဧက ၁၀၀၀ ကျော်တွင် ကျောက်မီးသွေးတူးဖော်မည့်စီမံကိန်း လူထုအလိုမရှိကြောင်း ဆန္ဒပြထုတ်ဖော် (photo/SHAN)
လဲချားမြို့ လယ်ယာမြေဧက ၁၀၀၀ ကျော်တွင် ကျောက်မီးသွေးတူးဖော်မည့်စီမံကိန်း လူထုအလိုမရှိကြောင်း ဆန္ဒပြထုတ်ဖော် (photo/SHAN)

သျှမ်း(ရှမ်း)ပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ကျောက်မီးသွေးတူးဖော်မည့်စီမံကိန်းအား လဲချားဒေသခံများက စီတန်းလှည့်လည် ဆန္ဒထုတ်ဖော် ဆန့်ကျင်ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ အင်အား ရ၀၀ ကျော်ရှိသည့် လဲချားဒေသခံများနှင့်သံဃာတော်များအဖွဲ့က လဲချားမြို့နယ် ထုန့်ယိန်းဒေသမှ ကျောက်မီးသွေးတူးဖော်ရန် စီမံကိန်းချထားသည့် ရွာများသို့ အေးချမ်းစွာ စီတန်းလမ်းလျှောက်ကာ တံခွန် (အဖြူ၊ အနီအလံလေးများ) စိုက်ထူခဲ့ကြကြောင်း သိရသည်။

စီတန်းချီတက်မှုတွင် ဦးဆောင်ဦးရွက်ပြုသည့် ထုန့်ယိန်းဒေသ ကန်တုန့်ကျောင်းတိုက် ဆရာတော် ဦးတေဇနိယ က – “အာဏာရှင်တွေ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ ကျောက်မီးသွေးတူးမယ့်ကုမ္မဏီတွေ ပူးပေါင်းပြီးတော့မှ လာတူးမယ်။ ထုန့်ယိန်းဘက်မှာ။ သူတို့လာပြီးကြိုးစားတာ ဒီတခါပါရင် ၃-၄ ကြိမ်ရှိပြီ။ လူထုက ဆန့်ကျင်တယ်။ ဒါပေမဲ့ ကုမ္မဏီက – လူထု သဘောတူတူ မတူတူ ခွင့်ပေးပေး မပေးပေး တူးမှာပဲလို့ ပြောလာတော့ ဘုန်းဘုန်းတို့လည်း လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်ပင်ပြီးတော့မှ အခုလို သဘောမတူကြောင်း ဆန္ဒထုတ်ဖော်ပြီး တူးဖော်ရေးစီမံကိန်းဧရိယာထဲပါတဲ့ ရွာတွေဆီကို စီတန်းလမ်းလျှောက် တံခွန်အလံလေးတွေသွားစိုက်တာဖြစ်တယ် ”- ဟု သျှမ်းသံတော်ဆင့်အား မိန့်တော်မူသည်။

လဲချားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်ဇေယျက ၄င်းနှင့်ပတ်သက်ပြီး လွှတ်တော်ရှိ သယံဇာတထိန်းသိမ်းရေးကော်မတီထံ တင်ပြထားပြီး မကြာခင်တွင် အဆိုပါကော်မတီမှ ကွင်းဆင်းကြည့်ရှုကာ ဒေသခံလူထု နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်အား ပြောသည်။

“လူထုက ကျောက်မီးသွေးတူးဖော်ရေးကို မလိုလားဘူး။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှာကို စိုးရိမ်နေကြတယ်။ ဒါကြောင့် ကျနော်တို့ ဒီကော်မတီနဲ့ သံဃာတော်၊ ပြည်သူလူထုတွေနဲ့ တွေ့ဆုံတဲ့အခါကျရင် လူထုကနေ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခွင့်ရမယ်။ ကျနော်တို့ကလည်း လူထုက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ လူထုဘက်ကနေ မားမားမတ်မတ် ရပ်တည်သွားမယ်။ ဘယ်နေ့ဆိုတာ အတိအကျတော့ မသိရသေးဘူး။ အဆင်ပြေတဲ့နေ့လို့ပဲ ပြောပါတယ် ”- ဟု စိုင်းကျော်ဇေယျက ပြောသည်။

“နိုင်ငံတော်အကြီးအကဲတွေရော၊ ငွေရှင်ကြေးရှင်ရော ၊ စီးပွါးရေးသမားတွေရော လူထုကို မတိုးတက်အောင် မလုပ်ပေးနိုင်တာ မလုပ်ပေးချင်တာ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ လူထုနစ်နာအောင်တော့ မလုပ်ပါနဲ့။ ဒေသခံလူထုကို သနားငဲ့ညှာပါလို့ မေတ္တာရပ်ခံချင်တယ် ” – ဟု ကန်တုန့်ကျောင်းတိုက် ဆရာတော် ဦးတေဇနိယ က မိန့်တော်မူသည်။

လဲချားမြို့နယ်သို့ လာရောက်ကျောက်မီးသွေးတူးဖော်မည့်ကုမ္မဏီသည် မိုင်းကိုင် ၊ ပင်လုံနယ်ဘက်တွင် ကျောက်မီး သွေး တူးဖော်နေသော ကုမ္မဏီ၏အဆက်ဖြစ်ကြောင်း၊ တူးဖော်ရန်စီစဉ်နေသည်မှာ သြဇာကြီးမားသည့် ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ ဖြစ်ကြောင်း ဒေသခံများ ပြောဆိုနေကြပါသည်။ သို့သော် မည်သည့်အဖွဲ့ဆိုသည်ကိုမူ သျှမ်းသံတော်ဆင့်မှ တိကျသည့် အတည်ပြုချက် မရရှိသေးပေ။

“ကျနော်တို့ ဒေသအတွင်းမှာ စီးပွါးရေးလုပ်ငန်းလုပ်နေတဲ့သူတွေ သိစေချင်တယ်။ လူထုအားလုံးက လက်ခံတဲ့စီးပွါးရေးမျိုး ဖြစ်သင့်တယ်။ လူထုက အားကိုးအားထားပြုနိုင်တဲ့ စီးပွါးရေးမျိုး၊ လူထုအတွက် အကျိုးရှိစေမယ့် စီးပွါးရေးမျိုးဖြစ်သင့်တယ်။ အခုလို ကျောက်မီးသွေးတူးဖော်မှုမျိုးဆိုတာက အန္တရာယ်ဖြစ်စေမယ်။ လူထုရဲ့သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်စေမယ်။ လူထုမြတ်နိုးတဲ့ သစ်တောသစ်ပင်ကို ထိခိုက်ပျက်စီးစေမယ်။ သောက်သုံးရေနဲ့ လေကောင်းလေသန့်ကိိုလည်း ညစ်နွမ်းစေမယ်။ ဒီလို ထိခိုက်ပျက်စီးမှုကြောင့် လူထုက ကျောက်မီးသွေးကို ပေးမတူးစေချင်ဘူး။ လက်ရှိနိုင်ငံရေးအခြေအနေကို သိမြင်ပြီးတော့ စီးပွါးရေးသမားတွေကနေ လူထုရဲ့ မျက်နှာကို ထောက်သင့်တယ်။ နိုင်ငံရေးအခြေအနေကို နားလည်ပြီးတော့ လက်ရှိလုပ်ဖိုု့ စီစဉ်ထားတဲ့ ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း မစခင်ကတည်းက ရပ်ဆိုင်းပေးသင့်တယ်လို့ တိုက်တွန်းချင်ပါတယ် ” -ဟု စိုင်းကျော်ဇေယျ က ပြောသည်။

ထုန့်ယိန်းဒေသမြောက်ဘက် နားဟီးရွာဘက်တွင် ကုမ္မဏီမှ ကျောက်မီးသွေးတူးဖော်မည့် ဧရိယာ ၁၃၀၀ ကျော်ရှိနေပြီး အဆိုပါဒေသသည် မြစ်ဖျားချောင်းဖျားခံရာနေရာလည်းဖြစ်သဖြင့် လယ်ယာမြေများအပြင် ချောင်းအောက်ပိုင်းရှိ လယ်ယာမြေများလည်း အဆိပ်ရေသင့်မည် မလွဲဖြစ်ကြောင်း လဲချားဒေသခံများက ပြောဆိုကြပါသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...