ရန်ကုန်ရှိရခိုင်တိုင်းရင်းသားများ ဥပဒေမဲ့အနိုင်ကျင့်ခံရပါက မိမိထံသို့ တိုင်ကြားနိုင်သည်ဟု ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးပြောကြား

ရန်ကုန်ရှိရခိုင်တိုင်းရင်းသားများ ဥပဒေမဲ့အနိုင်ကျင့်ခံရပါက မိမိထံသို့ တိုင်ကြားနိုင်သည်ဟု ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးပြောကြား
by -
စိုးဇံအောင်(တောင်ကုတ်)

ရန်ကုန်တိုင်းဒေသကြီးရှိ ရခိုင်တိုင်းရင်းသားများအနေဖြင့် ဥပဒေမဲ့အနိုင်ကျင့်စော်ကားခံရမှုများကို ဥပဒေဘောင်အပြင်ဘက်မှ ပြန်လည်မဖြေရှင်းဘဲ မိမိထံသို့တိုင်ကြားနိုင်ကြောင်း ရခိုင်တိုင်းရင်း သားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၃၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ တိပိဋကပုလဲရောင်ရှိန် စာသင်တို်က်တွင်ပြုလုပ်သော မင်္ဂလာဒုံမဲဆန္ဒရှင် ပြည်သူလူထုနှင့် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ တွ့ဆုံပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ရခိုင်လူမျိုးတွေအနေနဲ့ ဥပဒေမဲ့စွာ အနိုင်ကျင့်စော်ကားခံရရင် ဥပဒေဘောင်အပြင်ဘက်က နေပြီးတော့ စိတ်လိုက်မာန်ပါ မဖြေရှင်းကြပါနဲ့။တစ်ခုခုဖြစ်ရင် ကျွန်တော့်ကိုတိုင်ပါ။ ကျွန်တော်တို့ အနေနဲ့ ဥပဒေဘောင်အတွင်းက မှန်မှန်ကန်ကန် ဖြေရှင်း ဆောင်ရွက် ပေးသွားပါ့မယ်” ဟုရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက ရခိုင်တိုင်းရင်းသားများအနေဖြင့် ဥပဒေဘောင်အပြင်မှ စိတ်လိုက်မာန်ပါ ဖြေရှင်းပြီး တရားတဘောင်ရင်ဆိုင်ခဲ့ရပါက မိမိတို့အနေဖြင့်တာဝန်ယူဖြေရှင်း ပေးနိုင်မည်မဟုတ်ကြောင်းလည်း ၄င်းကဆက်ပြောသည်။

"ဖြစ်တယ်ဆိုတာနဲ့ ကျွန်တော်တို့ကို တိုင်ကြားပေးပါ။ဥပဒေဘောင်အတွင်းကဖြေရှင်းသွားပါ့မယ်။ စိတ်လိုက်မာန်ပါ လုပ်လိုက်ပြီးမှ ကျွန်တော်တို့ကို တာဝန်ယူဖြေရှင်း ပေးပါဆိုလို့ မရတော့ဘူး။ ဘာဖြစ် လို့လဲဆိုတော့ ပြဿနာဖြစ်လို့ တရားတဘောင်ရင်ဆိုင်လာတဲ့အချိန်ကျမှ ကျွန်တော်တို့ က သူ့မှာ အပြစ်မရှိဘူး၊သူ့ကိုလွှတ်ပေးပါဆိုပြီး တရားစီရင်ရေးကို ဝင်စွက်ဖက်လို့ မရတော့ဘူး။ ဒါကြောင့် တစ်ခုခုဖြစ်တာနဲ့ ကျွန်တော်တို့ကို အရင်ဦးဆုံး တိုင်ကြားပေးပါ”ဟု ပြောသည်။

ထို့နောက် ရခိုင်လူမျိုးများအနေဖြင့် မဟာမိတ်ဖွဲ့သင့်သည့် အဖွဲ့အစွဲ့အစည်းများကို မဟာမိတ်ဖွဲ့၍ အင်အားတစ်ရပ် ဖြစ်ထွန်းရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းl Facebook လူမှုကွန်ယက်တွင် အဆင်အခြင်မဲ့ ဆဲရေးတိုင်းထွာနေခြင်းများကိုလည်း ရှောင်ရှားသင့်ကြောင်း သတိပေးပြောဆိုခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ မင်္ဂလာဒုံမြို့နယ်အတွင်းနေ ရခိုင်လူထု (၈၀၀)ခန့် တက်ရောက်ခဲ့ပြီး မြို့နယ်ထွေအုပ်l ရဲတပ်ဖွဲ့နှင့် လဝက ဌာနများမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။

ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း ရန်ကုန်ရောက် ရခိုင်များ၏ လိုအပ်ချက်များကို နားထောင်ကာ သိသင့်သိထိုက်သည်များကို ပြောဆိုဆွေးနွေးခဲ့ကြသည်။

January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...