သျှမ်း(ရှမ်း)ပြည်တောင်ပိုင်း မိုင်းပန်မြို့တွင် ၀မ်မိုက်ပုတ်တွင်စခန်းချသည့် (ကွန်ဟိန်း-တာ့ကော့) ခလရ ၂၉၆ တပ်မှ တပ်သား ၂ ဦးပျောက်ဆုံးမှုမှာ သျှမ်းပြည်တပ်မတော်၏ လက်ချက်ဖြစ်သည်ဟု စွပ်စွဲလိုက်ပြီး အဆိုပါတပ်သား ၂ ဦး ပြန်မပေးသည့်အတွက် ရွာသား ၇ ဦးအား ဖမ်းဆီးချုပ်နှောင်ထားမည့်အကြောင်းသတင်းရရှိသည်။
အဆိုပါ တပ်မှ တပ်ကြပ်ကြီးတဦးနှင့် တပ်သားတဦးသည် တပ်မှ နောင်လေရွာသို့အသွားလမ်းတွင် စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း မိုင်းပန်ဒေသခံလယ်သမား စိုင်းအိုက်က ပြောသည် ။
“သူတို့လူက ၂၀ ရက်နေ့တုန်းကပျောက်တယ်။ အဲ့နောက် ရွာတွေဘက်ဆင်းပြီးစစ်ဆေးသလို တောနင်းရှာတဲ့ အဖွဲ့လည်း ရှာနေတယ်။ ၂၂ ရက်နေ့တုန်းက လယ်ဆင်းတဲ့ရွာသား ရ ယောက်ကိုသူတို့က မသင်္ကာလို့ ဆိုပြီးဖမ်းထားတာ။ ဒီနေ့အထိမလွှတ်ပေးသေးဘူး။ နောင်လေရွာမှာသွားထားထား တယ်လို့ကြားမိတယ်။ RCSS ကနေ သူတို့လူ ၂ ယောက် ပြန်မလွှတ်ပေးရင် သူတို့က ဒီရွာသားတွေကို သတ်မယ်လို့ခြိမ်း ခြောက်နေတယ်။ ”- ဟုလည်း အဖမ်းခံရသည့်ရွာသားများနှင့်အမျိုးတော်စပ်သူတဦးဖြစ်သည့် စိုင်းအိုက် ကပြောသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA က မူ အဆိုပါစစ်သား ၂ ဦးအား မိမိတို့ဘက်မှ ဖမ်းဆီးထားခြင်းမဟုတ်ကြောင်း၊ ၄င်းတို့ ၂ ဦးနှင့်ပတ်သက်ပြီးတော့လည်း မသိရကြောင်း၊ ဒေသတွင်းသတင်းအရ ၄င်းတို့သည် တပ်မှထွက်ပြေးကြခြင်းဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့်အား အတည်ပြုပြောဆိုသည်။
“အစိုးရတပ်ရဲ့ ပျောက်ဆုံးနေတဲ့တပ်သား ၂ ဦးကိုကျနော်တို့မဖမ်းဆီးထားရဘူး။ ဒါကြောင့် အစိုးရစစ်တပ်ဘက်က အပြစ်မရှိတဲ့ရွာသားတွေကို ဖမ်းဆီးတာမျိုးတော့မဖြစ်သင့်ဘူး။ ရွာသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးပါလို့ပြောချင်ပါတယ်။”- ဟု တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဒု- ဗိုလ်မှူးကြီးစိုင်းဦး က ပြောသည်။
စက်တင်ဘာလ ၂၁ ရက်နေ့က အစိုးရတပ်သားများတင်ဆောင်သောကားသည် နားမွန်၊ ဟွေစွဲ ၊ တုံစု ဘက်သို့ ဆင်းသွားပြီး ရွာသားများအား ရွာမှမထွက်ရန် ၊ ထွက်ပါက ဖမ်းဆီးမည်ဟု ပြောဆိုကြောင်း၊ ပြောင်းချိုးချိန် လယ်ယာသီးနှံဆွတ်ချိန်တွင် ရွာသားများ အားထိုသို့ တားမြစ်ခြင်းသည် အခက်အခဲဖြစ်ရကြောင်း မိုင်းပန်ဒေသခံ စိုင်းန ကပြောသည် ။
“၂၂ ရက်နေ့ကျတော့ ဘောလုံးသမားအကျီ အနီတွေဝတ်ပြီးတော့ အင်အား ၃၀ လောက်က ၀မ့်ကန့်ကန်ရွာအနောက်ဘက် နောင်လုမ်ရွာအရှေ့ဘက်မှာသွားအောင်းနေတယ်။ ကားကိုချုံထဲမှာထိုးထားပြီး ရွာသားတွေအသွားအလာကိုသေနတ်ကြီးထောက်ပြီး စစ်ဆေးနေတာ။ ဗမာစကားပြောမကျွမ်းတဲ့သူတွေ၊ အရေးကြီးကိစ္စရှိလို့ တရွာနဲ့တရွာ အလျင်လိုသွားလာဖို့လိုရင်ခက်ခဲရတာပေါ့ “- ဟု သျှမ်းသံတော် ဆင့်အားပြောသည်။
မိုင်းပန်မြို့နယ်တွင် အမှတ် ၁၇ စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် အခြေစိုက်သည့်မြို့ဖြစ်သည့်အပြင် ခြေမြန် တပ်ရင်း (ခမရ) အမှတ် ၃၃၂၊ အမှတ် ၅၇၇၊ အမှတ် ၅၉၈ တို့ အခြေစိုက်သည့်အပြင် ကွန်ဟိန်းမြို့နယ် အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ) အမှတ် ၂၉၄ ကလည်း အလှည့်ကျ ၀င်ရောက် အခြေချလှုပ်ရှား လျက်ရှိသည်။







