ထိုင်းဘုရင်နတ်ရွာစံခြင်းဝမ်းနည်းသည့်အထိမ်းအမှတ်ကရင်အမျိုးသားအလံတော်အား တိုင်တစ်ဝက်လွှင့်ထူရန် KNUညွန်ကြား

ထိုင်းဘုရင်နတ်ရွာစံခြင်းဝမ်းနည်းသည့်အထိမ်းအမှတ်ကရင်အမျိုးသားအလံတော်အား တိုင်တစ်ဝက်လွှင့်ထူရန် KNUညွန်ကြား
by -
ကေအိုင်စီ
ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ်၊ဘူမိဘောအဒူယာဒက်သည် ပြီးခဲ့သည့် အောက်တိုဘာလ၁၃ရက်နေ့က နတ်ရွာစံသွားသည့်အတွက် ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ကရင်အမျိုးသားအလံတော်အား တိုင်တစ်ဝက်လွှင့်ထူထားရန် ကရင်အမျိုးသားအစည်းအရုံး-KNU က နယ်စပ်ရှိ၎င်းတို့၏စစ်ဖက်၊ အရပ်ဖက် ဋ္ဌာနအသီးသီးသို့ညွှန်ကြားထားကြောင်းသိရသည်။

KNU (ဗဟို)မှအောက်တိုဘာလ၁၄ရက်နေ့စွဲဖြင့် ထိုသို့ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ၁၅ရက်နေ့မှစတင်ကာ တစ်ပတ်တိတိ အလံတိုင်တစ်ဝက်လွှင့်ထူထားရန် ညွှန်ကြားမှုနှင့် အတူထိုင်းဘုရင်နတ်ရွာစံသွားသည့်အတွက် ၀မ်းနည်းကြောင်းသဝဏ်လွှာကို ကရင်၊ထိုင်း၊အင်္ဂလိပ်နှင့်မြန်မာလေးဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 “ထိုင်းနိုင်ငံဆိုတာအထူးသဖြင့် ကရင်တွေနေထိုင်တဲ့ဒေသတွေနဲ့ ဆက်စပ်မှုရှိတယ်။ ထိုင်းနိုင်ငံတွင်း မဖွံ့ဖြိုးသေးတဲ့ကရင်ဒေသတွေမှာ လည်း ထိုင်းဘုရင်ရဲ့အစီအစဉ်တွေနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးနေတာရှိတယ်။ အဲဒီအတွက် ဘုရင်ကြီးနတ်ရွာစံသွားတဲ့အပေါ် ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ နယ်စပ်မှာရှိတဲ့ KNU ဋ္ဌာနဆိုင်ရာတစ်ချို့မှာလည်း ကရင်အမျိုးသားတွေအထွဋ်အမြတ်ထားတဲ့ ကရင်အမျိုးသားအလံတော်ကို တိုင်တစ်ဝက်လျှော့ချထားဖို့ညွှန်ကြားခြင်းဖြစ်ပါတယ်”ဟု KNU တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ KNU လက်အောက်ခံဋ္ဌာနများတွင် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ကရင်အမျိုးသား အလံတော်အား တိုင်တစ်ဝက်လွှင့်ထူမှုကို အောက်တိုဘာလ၁၅ရက်နေ့မှစတင်ကာ လုပ်ဆောင်ခဲ့ကြပြီးနယ်စပ်နှင့်နီးသည့် KNU ခရိုင်များနှင့် စစ်ဖက်ဆိုင်ရာရုံးအချို့တွင်လည်း သက်ဆိုင်ရာ၎င်းတို့တပ်ဖွဲ့များ၏ အလံကိုထိုသို့လွှင့်ထူကြောင်း သိရသည်။

ထိုင်းဘုရင်နတ်ရွာစံသွားသည့်အပေါ် ၀မ်းနည်းကြောင်းနှင့် ထောင်ပေါင်းများစွာသောအပြစ်မဲ့ကရင်၊ ကရင်နီနှင့်မွန်လူမျိုးများအား ယနေ့အထိဒုက္ခသည်များအဖြစ် လုံခြံုစွာခိုလှုံခွင့်ပြုမှုနှင့်အတူ ဘုရင်မင်းမြတ်၏ဉာဏ်အမြော်အမြင်ကြီးမားသောခေါင်းဆောင်မှုနှင့် ဂရုဏာတရားများကို ကရင်အမျိုးသားအစည်းအရုံး KNUအနေဖြင့်အစဉ်သတိရနေမည်ဖြစ်ကြောင်း ၎င်းတို့၏ သဝဏ်လွှာတွင်ဖော်ပြပါရှိသည်။

ထီးနန်းသက် အနှစ် ရ၀ရှိပြီဖြစ်သော ထိုင်းဘုရင်ဘူမိဘောမှာထိုင်းနိုင်ငံသူ နိုင်ငံသားတိုင်းက အထွဋ်အမြတ်ထားပြီး လေးစားကြည်ညိုခြင်းခံရသည့် ဘုရင်တစ်ပါးဖြစ်သည့်အပြင် ၎င်းတို့နိုင်ငံအတွင်း မြန်မာနိုင်ငံမှပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသူများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဆယ်စုနှစ်ကျော်ကြာလက်ခံထားခဲ့သည်။

ထိုင်းနိုင်ငံ၊မဲဆောက်တွင်အခြေစိုက်ပြီး မြန်မာနိုင်ငံသားများအရေး လုပ်ဆောင်နေကြသည့် ဒုက္ခသည်အဖွဲ့အစည်းများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ကျန်းမာရေးအဖွဲ့အစည်းများနှင့် အလုပ်သမားအဖွဲ့အစည်းများ၊ မြန်မာရွှေ့ပြောင်းကျောင်းများအသီးသီး တွင်လည်း အောက်တိုဘာလ၁၅ရက်နေ့မှစတင်ကာ ၀မ်းနည်းမှုအထိမ်းအမှတ်ကို ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

ထို့အတူဗိုလ်ချုပ် စောဋ္ဌေးမောင်ဦးဆောင်သည့် KNU/KNLAငြိမ်းချမ်းရေးကောင်စီအဖွဲ့ကလည်း ၎င်းတို့ထိန်းချုပ်နယ်မြေတနေရာတွင် ယခုရက်ပိုင်းအတွင်း ကရင်အမျိုးသားအလံတော်ကို တိုင်တစ်ဝက်လွှင့်ထူခြင်းအခမ်းအနားကို ထိုင်းဘုရင်မင်းမြတ်နတ်ရွာစံသွားမှုအပေါ်ဝမ်းနည်းကြောင်း အထိမ်းအမှတ်အနေဖြင့်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ထိုင်းဘုရင်ဘူမိဘောအဒူယာဒက်(BhumibolAdulyadej)မှာ ထိုင်းနိုင်ငံ၏ (၉)ဆက်မြောက်ဘုရင်တစ်ပါးဖြစ်ပြီး နတ်ရွာစံချိန်တွင်သက်တော် (၈၈)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

June 13, 2026
မောင်ကျော်စွာ — (အိမ်နီးချင်း – ဒေသတွင်း – အခြားနိုင်ငံများနှင့်) ဆက်ဆံရေး၊ ပြည်တွင်းစီးပွားရေး...
Photo: KIC
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 12, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဘက်ခြမ်း၊ သောင်ရင်းမြစ်ဘေးတစ်လျှောက် ခိုလှုံနေရသည့်...
June 11, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်၊...