ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွတ်မြေပေါ် ခမရ ၅၃၉ မှ ကျောက်ထုတ်

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွတ်မြေပေါ် ခမရ ၅၃၉ မှ ကျောက်ထုတ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြောင်းဆိပ်၊ ပြိန်းချောင်း၊ အုတ်တောင်ပြင် ကျေးရွာသားများ အပိုင် မြေဧက ၁၂၀ ကို ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြန်လည်စွန့်လွတ်လိုက်ပြီ ဖြစ်သော်လည်း ယနေ့ထိ မူလပိုင်ရှင်များသို့ ပြန်လည် လွဲပြောင်းခြင်း မရှိဘဲ ၎င်းမြေ နေရာတွင် ခမရ ၅၃၉ မှ ကျောက်ထုတ်လုပ်နေသည်ဟု ဒေသခံ တောင်သူ လယ်သမားများက ပြောဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ကျောက်တော်မြို့နယ် အုတ္တောင်ပြင်ကျေးရွာအနီးရှိ ပြိန်းချောင်း ဦးပိုင်ကွင်းအမှတ် (၆၅၉)၊ စားကျက်မြေ ၃၀ ဧကနှင့် ဥယျာဉ်ခြံမြေ ၉၀ ဧကတို့တွင် စားကျက်မြေဧက ၃၀ ကို ၃၀-၅-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၃၅၉/၂၀၁၆ ဖြင့်လည်းကောင်း၊ ဥယျာဉ်ခြံမြေ ၉၀ ဧကကို ၂၇-၆-၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၅၄၆/ ၂၀၁၆ နှင့် ၁၅၄၇/ ၂၀၁၆ ဖြင့်လည်းကောင်း ပြန်လည် စွန့်လွတ်ခဲ့သည်ဟု သိရသည်။

“ အဲဒီမြေတွေက ကာကွယ်ရေး ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်ကတည်းကနေ ပြန်လည် စွန့်လိုက်တယ်လို့ ကြားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တောင်သူတွေရဲ့ လက်ထဲကို ပြန်မရောက်သေးဘူး။ အခု ခမရ ၅၃၉ ကနေ အဲဒီမြေမှာ ကျောက်တွေထုတ်နေပါတယ်။ ကျောက်ထုတ်တဲ့ အခါ ဥယျာဉ်ခြံမြေတွေမှာ ရှိနေတဲ့ သရက်ပင်၊ဒညင်းပင်စတဲ့ သီးနှံပင်တွေကို ဘော်ဒူဇာ၊ ဘတ်ဖိုးစတဲ့ မြေထိုးစက်တွေ ဖြိုတူးပစ်တဲ့ အတွက် အကုန်လုံး ပျက်စီးမှုတွေ ရှိနေပါတယ်” ဟု ပြောင်းဆိပ်ကျေးရွာမှ ဦးထွန်းလှက နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြန်လည် စွန့်လွတ်လိုက်သည်မြေဧက ၁၂၀ မှာ တပ်လေ့ကျင့်ရေး ကွင်းနှင့်လည်း တဆက်တစပ်တည်း မဟုတ်သလို ဗဟိုကွင်းနှင့်လည်း အဝေးကြီးဖြစ်ကြောင်း သူက ပြောကြားသည်။

“ ခမရ ၅၃၉ တပ်ရင်းက အမြင့်ပေ ၄၄၀ ရှိတဲ့ ကန်စောက်တောင်ရဲ့ နောက်ဘက်မှာရှိပြီး တော့ အခု ကျောက်ထုတ်နေတဲ့ တောင်သူတွေပိုင်တဲ့ မြေက ကန်စောက်တောင်ရဲ့ အရှေ့ဘက် တောင်ခြေမှာရှိပါတယ်။ အဲဒီမြေတွေက ပြောင်းဆိပ်၊ပြိန်းချောင်း၊အုတ်တောင်ပြင် ကျေးရွာ သားတွေ ပိုင်တဲ့မြေပါ” ဟု သူက ပြောဆိုသည်။

ယခုကဲ့သို့ ကျောက်ထုတ်လုပ်နေမှုကို ပုဂ္ဂလိကကုမ္ပဏီများဖြင့် အကျိုးတူ ပူးပေါင်းထုတ် လုပ်နေခြင်းဖြစ်ပြီး တရားဝင်ဓာတ်သတ္တုခွန်လည်း ပေးသွင်းမှု မရှိကြောင်း သူက ဆက်လက် ပြောကြားသည်။

ထိုကဲ့သို့ ကျေးရွာသားများပို်င်သည့် ကွင်းအမှတ် (၆၉၅) ရှိ စားကျက်မြေဧက ၃၀ နှင့် ဥယျာဉ် ခြံမြေ ၉၀ ဧကကို ကာကွယ်ရေး ဝန်ကြီးဌာနမှ ၂၀၁၆ ခုနှစ်ကတည်းက စွန့်လွတ် ထားပါလျက် မူလပိုင်ရှင် လယ်သမားများထံသို့ ပြန်လည် မပေးအပ်သည့်အပြင် ဆက်လက် ကျောက်ထုတ် လုပ်နေသဖြင့် နိုင်ငံတော်သမ္မတထံ အသနားခံစာ ပေးပို့သွားမည်ဟုလည်း သူက ပြောဆိုသည်။

“စပြီးသူတို့ကျောက်ထုတ်လုပ်တာကတော့ နှစ်နှစ်လောက်ကြာပါပြီ။ ဒီနှစ်ဆိုရင်တော ့ပိုဆိုးရွားလာ တယ်။ အခုဆိုရင် ၂၄ နာရီလုံးလိုလို ထုတ်နေကြပါတယ်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုလည်း ရှိလာတယ်။ သူတို့ အဲဒီလို ကျောက်ထုတ်လုပ်နေတော့ ရွာသားတွေရဲ့ ကျွဲနွားတွေလည်း အနီးအနားမှာ ကျောင်းလို့ မရတော့ဘူး။ စားကျက်မြေမှာလည်း သူတို့က ထွန်ယက် စိုက်ပျိုးထားတယ်။ ဒေသခံတွေက မြေကိုလိုချင်လို့ လွှတ်တော်ကို စာတင် ကြပါတယ်။ အဲဒါကိုလည်းသိရော သူတို့ ပိုပြီးဆိုးရွားလာတယ်။ ကျောက်တွေ ထုတ်တာ ပိုများ လာတယ်”ဟု ဦးထွန်းလှက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်းအား နိရဥ္စရာ သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာ ကာကွယ်ရေး ဝန်ကြီးဌာနမှ ၎င်းမြေဧက ၉ဝနှင့် တစ်ခြား လယ်ယာမြေ ၁၃၂ ဧက ၇၀ ဧကကိုလည်း စွန်လွတ်ထားသော မြေဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော (State Land) သတ်မှတ် ထားရှိသည့် မြေဖြစ်ကြောင်း အကြောင်းပြန်ကြားထားပြီး သည်ဟု ပြောဆိုသည်။

“အောက်ခြေမှာ ဒီလိုဒီလိုဖြစ်နေတာသိတော့ ကျွန်တော့်အနေနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနကို ကနဦး စာနဲ့ အကြောင်းကြားမေးမြန်းတော့ မြေဧက ၁၂၀ ကို စွန့်လွတ်လိုက်ပြီဖြစ်တယ်။ ပြည်ထဲရေး ဝန်ကြီးဌာနက စီမံပိုင်ခွင့်ရှိတဲ့ နိုင်ငံတော် State land အဖြစ် သတ်မှတ်ထားတယ်လို့ ကျွန်တော်ဆီကို ပြန်ပြီး အကြောင်းကြားပါတယ်။ ဒီမြေကိစ္စက မရှင်းလင်းတာရှိနေသေးတဲ့ အတွက် လာမယ့် ဒသမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး ကျရင်တော့ ကျွန်တော် မေးမြန်းသွားမှာ ဖြစ်ပါတယ် ”ဟု ဦးထွန်းဝင်း ကနိရဥ္စရာ သတင်းဌာနသို့ပြောသည်။

အဆိုပါ မြေကိစ္စနှင့် ပတ်သက်ပြီး ဒေသခံလယ်သမားများအနေဖြင့် နိုင်ငံတော်သမ္မတထံ အသနားခံစာတင်သွားမည်ဖြစ်သလို အမျိုးသားလွှတ်တော်တွင် ရှိသည့် သဘာဝသယံဇာတ ထိန်းသိမ်းရေးနှင့်သတ္တုတွင်း ထုတ်လုပ်ရေးကော်မတီသို့ တိုင်ကြားသွားမည်ဟု သိရသည်။ ၎င်းပြင် လိုအပ်လာပါက ဆန္ဒထုတ်ဖော်ခြင်းတို့ကိုလည်း ပြုလုပ်သွားမည်ဟု ဒေသခံလယ်သမား များက ပြောကြားသည်။

၎င်းမြေများကို ၁၉၉၉ ခုနှစ်တွင် ခမရ ၅၃၉ မှ သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ခမရ ၅၃၉ သို့ ဆက်သွယ်မေးမြန်းပြီး သူတို့သဘောထားကို တင်ပြလိုသော်လည်း ဆက်သွယ်ရန် အခက်အခဲကြောင်း တင်ပြနိုင်ခြင်းမရှိပါ။

Most read this week

May 1, 2024
ရခိုင်တွင် တိုက်ပွဲများပြင်းထန်နေချိန်တွင် တရုတ်လူမျိုး ၅၀၀ ခန့်သည် ကျောက်ဖြူမြို့သို့...
April 29, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲကို တိုက်ပွဲထဲက လက်နက်ကြီး ကျည်တွေ...
April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...