ဒါပေမယ့် ၂၀၁၀ ခုနှစ် ဝန်းကျင်ကတည်းက စခဲ့တဲ့ ဘိလပ်မြေစက်ရုံ ဆောက်ဖို့အတွက် မြေယာသိမ်းဆည်းမှု ပြဿနာတွေ မြေယာလျော်ကြေးငွေ ပြဿနာကနေ ခုအခါမှာ ဘိလပ်မြေစက်ရုံအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၀ ကီလိုဝပ်စက်ရုံ (၂) ရုံကို ကျောက်မီးသွေးနဲ့ ထုတ်လုပ်မယ် ဆိုလာတဲ့အခါမှာ ဒေသခံ တိုင်းရင်းသား ပြည်သူတွေက အပြင်းအထန်ဆန့်ကျင်မှုတွေ၊ အော်ဟစ်သံတွေ ဆူညံလို့ လာနေခဲ့ပါပြီ။ ဒီလိုဆန့်ကျင်တဲ့ကြားထဲကပဲ စက်ရုံကြီးကို တစ်ဖက်က အပြီးသတ် ဆောက်လုပ်နေသလို၊ တစ်ဖက်ကလည်း ကျောက်မိုင်းကြီးကို "တဝုန်းဝုန်း "နဲ့ ခွဲနေခဲ့ပြီး၊ အတ္ထရံမြစ်ထဲကို အရှိန်ပြင်းပြင်းနဲ့ မောင်းဝင်လာတဲ့ ကျောက်မီးသွေး သင်္ဘောတွေကိုလည်း ၊ တစ်စီးပြီးတစ်စီးတွေ့နေရတော့ ဒီပျားတောင်ရဲ့ အနာဂတ်ဟာ ဘယ်လိုများဖြစ်လာနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ရတော့တယ်။
MCL အစ ခရိုနီက
ဒီပျားတောင် ဘိလပ်မြေစက်ရုံလုပ်ငန်းကို သန္ဓေတည်ခဲ့တာတော့ အရင်စစ်အစိုးရနဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ကတည်းကပါ။ အဲ့ဒီတုန်းက ခရိုနီလည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်ခဲ့တဲ့ အာဏာပိုင်တွေနဲ့ နီးစပ်ခဲ့တဲ့ ဦးခင်ရွှေရဲ့ ဇေကမ္ဘာကုမ္ပဏီက ဒီမြေသိမ်း၊ ယာသိမ်းလုပ်ငန်းတွေကိုစတင် ခဲ့တယ်ဆိုတာလည်း မမှားပါဘူး။ သူ့ရဲ့ ညီနောင် ကုမ္ပဏီတွေဖြစ်တဲ့ ဂျွန်တို့ Pacific Link တို့လည်း ပါဝင်ခဲ့တယ်။ နောက်တော့ မြန်မာနိုင်ငံသား ပိုင်တဲ့ Pacific Link Cement Industries Ltd နဲ့ ထိုင်းနိုင်ငံက Sian Cement Ltd တို့ Join Ventunt Company အဖြစ် ၂၀၁၃ မှာ Mawlamyine Cement Ltd ကိုဖွဲ့စည်းပြီး ကုမ္ပဏီမှတ်ပုံတင် ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC မှာ အဆိုပြုချက်တင် တစ်နေ့ကို တန် ၅၀၀၀ ကျ ဘိလပ်မြေ စက်ရုံတည်ဆောက်ခွင့်နဲ့ လုပ်ငန်းကို စတင်ခဲ့တာပဲ ဖြစ်ပါတယ်။
မြင်သာမှု ပိတ်ဖုံးစနစ်ဟောင်းရဲ့အမွေ
ပျားတောင်ဟာ ထုံးကျောက်တောင် ဖြစ်ခဲ့တယ်။ ထုံးကျောက်တောင်ဟာ ဘိလပ်မြေရဲ့ အဓိက ကုန်ကြမ်းဖြစ်တယ်။ ဒီကုန်ကြမ်း သယံဇာတကို ကုန်ချောထွက်ကုန်အနေနဲ့ လုပ်တာတော့ ယေဘုယျ လုပ်ငန်းစဉ် တစ်ခုပါ။ ဒါပေမယ့် ဒီပျားတောင် ဘိလပ်မြေ စက်ရုံလုပ်ငန်းကို ၂၀၁၃ ဝန်းကျင်မှာ စတင်တော့ အာဏာရှင် အငွေ့အသက်တွေက မကုန်ခဲ့သေးပါဘူး။ နိုင်ငံတော် အစိုးရ ပြည်ထောင်စု ဝန်ကြီးတွေ ၊ ဝန်ကြီးချုပ််တွေကို ပိုင်ရင် ကြိုက်တာလုပ်လို့ရတဲ့ အခြေအနေတွေ ရှိနေပါသေးတယ်။
ဒါကို အခွင့်ကောင်းယူပြီး MCL ဘိလပ်မြေ ကုမ္ပဏီဘက်က လုပ်တဲ့လုပ်ငန်းစဉ်တွေတိုင်းဟာ ပြည်သူလူထုကို အသိပေးချပြပြီးမှ လုပ်မဲ့အစား လုပ်ချင်တာကို လုပ်သွားပြီး၊ ပြည်သူလူထုကို အလေးမထားဘူးဆိုတဲ့ ပုံစံတွေကို တွေ့ခဲ့ရပါတယ်။ ဒေသခံ ပြည်သူလူထုဟာ ဘယ်လောက်ကြီးမားတဲ့ စက်ရုံကို ဆောက်မှာလဲကို မသိခဲ့ရဘူး၊ လျှပ်စစ်ဓာတ်အားပေးမှုကို ဘယ်စွမ်းအင်က ယူမှာလဲကိုမသိခဲ့ရဘူး၊ ဘိလပ်မြေထုတ်လုပ်မှု ဖြစ်စဉ်မှာ ကျောက်မီးသွေး ဘယ်လောက် သုံးမလဲဆိုတာ မသိခဲ့ရဘူး။ ကျောက်မိုင်းခွဲမှုတွေဟာ ဘယ်လောက်ပြင်းထန်မလဲဆိုတာ မသိခဲ့ရဘူး၊ အတ္ထရံမြစ်ကို ဘယ်လောက် အသုံးပြုမလဲဆိုတာ မသိခဲ့ရဘူး၊ စွန့်ပစ်ရေမြောင်းတွေဟာ အတ္ထရံမြစ်နဲ့ ဘယ်လောက်နီးနေမလည်း ဆိုတာမသိခဲ့ရဘူး၊ညှိလို့ရမယ့်လူနဲ့ ကြိတ်လုပ်တဲ့ပုံစံမျိုးသာရှိခဲ့ပြီး အစိုးရဘက်ကလည်း ကြီးကြပ်လမ်းညွှန်ပေးဖို့ အားနည်းခဲ့ပါတယ်။ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံထားတဲ့လုပ်ငန်း တစ်ခုကိုပါဝင်ဖို့ လက်ရှောင်နေခဲ့ကြတယ်။ထင်သာမြင်သာမှု ပိတ်ဖုံးပြီး ပြည်သူတွေရဲ့ အသံကို မျက်ကွယ်ပြုရင်း တည်ဆောက်လာခဲ့တာ ရ၅ ရာခိုင်နှုန်း ပြီးမြောက်တော့ အစိုးရသစ်လက်ထက်ကို ရောက်ရှိလာခဲ့တော့တယ်။ စနစ်ဟောင်းက တန်းလန်းပါလာတဲ့ သယံဇာတ အမွေလေးပါပဲ။
ဟန်ပြ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း( EIA)
MCL ဘိလပ်မြေ ကုမ္ပဏီ အနေနဲ့ လုပ်ထုံးလုပ်နည်းအရ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းကို ပြုလုပ်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် သူတို့လုပ်ခဲ့တဲ့ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းက၂၀၁၃ ခုနှစ်က ဒီဘိလပ်မြေ စက်ရုံနဲ့ လုပ်ငန်းစဉ်တွေ ဓာတ်အားပေးမှု စနစ်တွေကို ပြည်သူလူထုက ကောင်းကောင်းမသိသေးချိန်၊ နားမလည်သေးချိန်ကို အလစ်အငိုက်ယူပြီး ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းကို လုပ်ခဲ့တယ်လို့ပဲဆိုနိုင်ပါတယ်။ကုမ္ပဏီဘက်က ငှားခဲ့တဲ့Third Party ဖြစ်တဲ့ Resource & Enairnoment Myanmar Ltd(REM) ရဲ့အစီရင်ခံစာဟာလည်း ပကတိ အခြေအနေနဲ့ လုံးဝကွာဟနေတာရော ပြည်သူလူထုရဲ့ ဆန္ဒတွေနဲ့ပါ လုံးဝဆန့်ကျင်ဖက်ဖြစ်နေတာတွေ့ရတော့ EIA အစီရင်ခံစာ ဟာ လုံးဝအားကိုးအားထားမပြုထိုက်ဘူးဆိုတာ တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်မှ ထပ်ပြီး ပို့ပေးလိုက်တဲ့ Final Report ဆိုတာကလည်း နားလည်ဖို့ ခက်ခဲနေပြန်တော့ ဒီ Third Party ဟာ စင်စစ် Third Party အစီရင်ခံစာ မဟုတ်ဘဲ စက်ရုံတည်ဆောက်ဖြစ်ရေးကိုပဲ စောင်းပေးထားတဲ့ အဖွဲ့အစည်း ဖြစ်နေတာလည်း အဖြေမှန် မရစေတာတွေ့ရတယ်။နောက်ပြီး (EIA) လုပ်ထုံးလုပ်နည်းညွှန်ကြားချက်တွေကလည်း ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာ (၂၉) ရက်နေ့မှ ထွက်လာတာဖြစ်တဲ့အတွက် လုပ်ထုံးလုပ်နည်း အသစ်တွေနဲ့ အညီ EIA ဟာ မဖြစ်မနေ ပြန်လုပ်ရမဲ့ အလုပ်ဖြစ်ပါတယ်။ EIA လုပ်တဲ့ အခါမှာတော့ Thirdy Party တစ်ခုတည်းတင်မက သဘာဝ ပတ်ဝန်းကျင် ထိန်သိမ်းရေး ၊ လူမှုအဖွဲ့အစည်းတွေလည်း ပါဝင်ထိန်းညှိထားတဲ့ အမှန်တရားထွက်ပေါ်မဲ့(EIA) ကိုပြုလုပ်သင့်ပါတယ်။
လွှတ်တော်နဲ့ ပြည်နယ်အစိုးရကြား MCL
MCL ဘိလပ်မြေစက်ရုံ ၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်ပြီး ဆန့်ကျင်ပိုစတာတွေ ၊ ပညာပေးဟောပြောပွဲတွေ၊ ဆုတောင်းပွဲတွေ၊ သတင်းစာရှင်းလင်းပွဲတွေ တောက်လျှောက် လုပ်ခဲ့တာကိုတွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒီအကျိုးဆက်အရ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယအစည်းအဝေးမှာ ကျိုက်မရောမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောငလူးက မေးခွန်းမေးခဲ့တာကို တွေ့ရပါတယ်။ မေးခွန်းကတော့ ပြည်သူတွေဖြစ်ချင်တဲ့ ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံရပ်တန့်ရေးကို တိုက်ရိုက်မဖြစ်ခဲ့ဘဲ ကျောက်မီးသွေးစက်ရုံ တစ်ခုချင်းအလိုက် သဘာဝ ပတ်ဝန်းကျင် အပေါ်အကျိုးသက်ရောက်မှု အခြေအနေ လေ့လာစိစစ်ရေး ပညာရှင်အဖွဲ့ တစ်ရပ်ဖွဲ့စည်းပြီး သုတေသနပြု စိစစ် သုံးသပ်ချက်များ ထုတ်ပြန်ပေးနိုင်ရန် စီစဉ်ဆောင်ရွက််ပေးနိုင်ခြင်း ရှိ/ မရှိ လို့ မေးခဲ့တော့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အစီအစဉ် မရှိကြောင်း အဖြေပေးခဲ့တော့ အကျိုးသက််ရောက်မှု နည်းခဲ့ပါတယ်။
နောက်လှုပ်ရှားမှု တစ်ခုကတော့ ဒေသခံပြည်သူလူထုလက်မှတ် ၃၇၀၀ နဲ့အတူ ပျားတောင်ဒေသ လူထုဖွံ့ဖြိုးရေးအဖွဲ့က ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ရပ်တန့်ပေးဖို့ ပြည်ထောင်စု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကို စာပေးပို့ခဲ့ပါတယ်။ ဒီဝန်ကြီးဌာနက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးကို ညှိနှိုင်းလာခဲ့တဲ့အတွက် ပြည်နယ်အစိုးရက စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါတယ်။ ဒီစစ်ဆေးချက် အစီရင်ခံစာမှာတော့ အကြံပြုချက် (၃) ခု ပါခဲ့ပါတယ်။ တစ်ခုကတော့ တင်ပြထားခဲ့တဲ့ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း၊ စိစစ်သုံးသပ်ရေးအဖွဲွ့သို့ စိစစ်သုံးသပ်နိုင်ရန်အတွက်အတည်ပြုချက် ရယူတင်ပြဖို့ လိုသေးတယ်ဆိုတာရယ်၊ ဒေသခံပြည်သူလူထုတို့ရဲ့ ဆန္ဒ သဘောထားရယူပြီးမှ လုပ်ငန်းများဆောင်ရွက်သင့်တဲ့အကြောင်း နောက်ဆုံးတစ်ခုကတော့ အချိန်ကာလ (Test Running) တစ်ခုသတ်မှတ်ပြီး ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းအများအပေါ် မူတည်ပြီး ဆက်လက်လည်ပတ်ခွင့် ပြုသင့်/ မပြုသင့် ဆုံးဖြတ်သင့်တဲ့အကြောင်း အကြံပြုထားပါတယ်။
ဒါကိုပဲ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယအစည်းအဝေးမှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက လက်ကိုင်ပြုဖြေကြားသွားတာကို တွေ့ရတဲ့အတွက် ယတိပြတ် ရပ်ဆိုင်းရေး အဖြေရဖို့က မလွယ်သေးဘူးလို့ ခန့်မှန်းရပါတယ်။
ပျားတောင်ရဲ့ အနာဂတ်
MCL ဘိလပ်မြေစက်ရုံနဲ့ အစပျိုးမှုတွေကလည်း အာဏာရှင်စနစ်မှာ အစပျိုးခဲ့တာနဲ့အညီ ပွင့်လင်းမြင်သာမှု အားနည်းခဲ့ပြီး အပေးအယူတွေ ဆန်ခဲ့တယ်။ အဲ့ဒီတုန်းက အာဏာရှိသူတစ်ချို့တောင် စက်ရုံမှာ အစုရှယ်ယာပါတယ်လို့ သတင်းထွက်ခဲ့တယ်။ ပတ်ဝန်းကျင် ထိခိုက်မှု လေ့လာဆန်းစစ်ချက် (EIA) အချက်အလက်တွေကလည်း မြေပြင်အခြေအနေမှန်တွေနဲ့ လုံးဝကွဲလွဲနေတယ်။
ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ရပ်တန့်ဖို့ လှုပ်ရှားမှုတွေက ထိရောက်မှုရှိပါ့မလား၊ နောက်ဆုံးဒေသခံ ၁၀၃၀၀ လက်မှတ်ထိုးပြီး သမ္မတဆီ တင်လိုက်တဲ့စာပေါ်မှာရော သမ္မတရဲ့ သဘောထားဘယ်လို ရှိမလဲ။ မြေပြင်မှာတော့ ကျောက်မီးသွေး စက်ရုံကို အပူတပြင်းနဲ့ လက်စသတ် တည်ဆောက်နေတယ်။ ထုံးကျောက် မိုင်းခွဲမှုတွေကလည်း တဝုန်းဝုန်းနဲ့ပဲ ဖောက်ခွဲနေတာ ရှေးဟောင်း ဘုရားပုထိုးတွေ ၊ ဂူကျောင်းတွေ အက်ကွဲလာပါပြီ၊ အတ္ထရံမြစ်ထဲ အတင်းမောင်းဝင်သွားတဲ့ ကျောက်မီးသွေးတင် သင်္ဘောတွေကလည်း ငါးဖမ်းစက်လှေတွေကိုတောာင် တိုက်မတတ်ဘဲ။
မွန်ပြည်နယ် အစိုးရ အဖွဲ့က ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့မှာ၊ စကျင်းပမဲ့ ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် တတိယပုံမှန် အစည်းအဝေးမှာကော၊ ဒီကိစ္စကိုဘယ်လောက် တင်ပြနိုင်ပါ့မလဲ၊ ဘယ်လိုအဖြေရှာနိုင်မလဲ။
ပျားတောင်ရဲ့ အနာဂတ်ကတော့၊ MCL ဘိလပ်မြေစက်ရုံက ဖုန်မှုန့်တွေနဲ့ ကျောက်မီးသွေး မီးခိုးငွေ့တွေအောက်မှာ မှုန်ဝါးဝါးနဲ့ လှမ်းမြင်နေရသလိုပဲ ရှိနေဦးမယ်လို့ သုံးသပ်မိတော့တယ်။







