ဆက်ကြေးကောက်ခံမှုတွေ့ရှိက ဆက်ဆံရေးရုံးပိတ်ခံမည်ဟု SSPP/SSA အား လားရှိုးစစ်တိုင်းရုံးခြိမ်းခြောက်

ဆက်ကြေးကောက်ခံမှုတွေ့ရှိက ဆက်ဆံရေးရုံးပိတ်ခံမည်ဟု SSPP/SSA အား လားရှိုးစစ်တိုင်းရုံးခြိမ်းခြောက်
သျှမ်းပြည်မြောက်ပိုင်းမှ ကုန်သည်များ မိမိဆန္ဒအလျောက် SSPP/SSA ရုံးချုပ်သို့ရောက်ရှိကာ ကူညီထောက်ပ့ံမှုများပေးအပ် (Photo: SSPP Info)
သျှမ်းပြည်မြောက်ပိုင်းမှ ကုန်သည်များ မိမိဆန္ဒအလျောက် SSPP/SSA ရုံးချုပ်သို့ရောက်ရှိကာ ကူညီထောက်ပ့ံမှုများပေးအပ် (Photo: SSPP Info)

သျှမ်း(ရှမ်း)ပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ရှိဆေးခန်းတခုအား ဆက်ကြေးပေးဆောင်ရန် SSPP/SSA ဖုန်းဆက်ဆင့်ခေါ် မှု ပြုသည်ဟု လားရှိုး ရမခတိုင်းက စွပ်စွဲပြောဆိုကာ ထိုသို့ ထပ်မံပြုလုပ်ပါက ဆက်ဆံရေးရုံး ပိတ်ပင်ခြင်းခံရမည်ဟု SSPP/SSA ဆက်ဆံရေးတာဝန်ခံအား စစ်တိုင်းရုံးက ဆင့်ခေါ်ပြောကြားသည်ဟု သိရသည်။

၂၀၁၈ သြဂုတ်လ ၅ ရက်နေ့ ည ၈ နာရီ ၅ မိနစ် အချိန် SSPP/SSA ထံ ပိုက်ဆံလာသွင်းရန် လားရှိုးမြို့ ရပ် ကွက် ၃ အတွင်းရှိ ဆေးခန်းတခုအား 092*****241 နံပါတ်ဖြင့် ဖုန်းဆက်ပြောကြားသည်ဟုဆိုကာ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဆင်ရေး G1 စစ်ဦးစီးအရာရှိပထမတန်း ဒုတိယ ဗိုလ်မှူးကြီး ဗညားဝင်းက SSPP/SSA ၏လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးအောင်လတ် အား – "အဆိုပါ ကိစ္စမျိုးထပ်မံကြားသိ တွေ့ရှိပါက ဆက်ဆံရေးရုံးပိတ်ခြင်းခံရမည် "– ဟု ခေါ်ယူပြောဆိုခဲ့ကြောင်း ကြားသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောရေးဆိုခွင့် ဗိုလ်မှူးစိုင်းသန်းအောင် က – “ကျနော်တို့မှ စည်းမဲ့ကမ်းမဲ့ ဟိုကြေးဒီကြေးလိုက်ကောက်တာမရှိဘူး။ လက်အောက်ငယ်သားတွေလဲ လုပ်ခွင့် ပေးမထားဘူး၊ အောင်ဆေးခန်းကို ဖုန်းဆက်ပိုက်ဆံတောင်းတယ်ဆိုတာလဲ ကျနော်တို့ မဟုတ်ဘူး။ မလိုလား တဲ့အဖွဲ့က ကျနော်တို့ကို နာမည်ဖျက်တာဘဲ ”- ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ SSPP/SSA ၏ ၀မ့်ဟိုင်းဌာနချုပ် အရာရှိကြီးတဦးက- "သျှမ်းပြည်တပ်မတော် အနေ ဖြင့် လမ်းပိတ်ပိုက်ဆံတောင်းခံခြင်း၊ ဆိုင်အတွင်း နေအိမ်အတွင်း ပစ်စာချ ပိုက်ဆံကောက်ခံခြင်း လုပ်စရာ မလိုအပ်ကြောင်း၊ သျှမ်းပြည်တပ်မတော် ဖြစ်သည့်အားလျော်စွာ သျှမ်းပြည်တွင်းနေ မိဘပြည်သူများ စီးပွားရေးလုပ်ငန်းရှင်များက စေတနာဆန္ဒအလျောက် ကိုယ်တိုင်ကိုယ်ကျ ရံပုံငွေလာရောက် ထောက်ပံ့ကြောင်း-" ပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် ၀ တပ်ဖွဲ့ ဦးဆောင်သည့်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွင်ပါ၀င်ပြီး တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ချုပ်ဆိုခြင်း မရှိသေးသည့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ဖြစ်သည်။ သို့သော် ပြည်နယ်အဆင့်ပြည်ထောင်စုအဆင့်အား ၂၀၁၂ ခုနှစ်ဦးပိုင်းက ဦးသိန်းစိန်အစိုးရနှင့် လက်မှတ်ရေး ထိုးထားသောကြောင့် လားရှိုးမြို့၊ ခိုလမ်မြို့၊ မူစယ်မြို့ တို့တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ထားသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...