ကော့မှူးမြို့နယ်တွင်းရှိ ရွာ ၁၆ ရွာပါဝင်သည့် ကရင်စာပေဆရာဖြစ်မွမ်းမံ သင်တန်းဆင်းပွဲပြုလုပ်

ကော့မှူးမြို့နယ်တွင်းရှိ ရွာ ၁၆ ရွာပါဝင်သည့် ကရင်စာပေဆရာဖြစ်မွမ်းမံ သင်တန်းဆင်းပွဲပြုလုပ်
by -
စောရှား
အမှတ်စဉ် (၂) ကရင်(အနောက်ပိုး) စာပေဆရာဖြစ် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား(photo:Nant Mi Mi Ki/Facebook)
အမှတ်စဉ် (၂) ကရင်(အနောက်ပိုး) စာပေဆရာဖြစ် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား(photo:Nant Mi Mi Ki/Facebook)

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ကရင်ရွာပေါင်း ၁၆ ရွာမှ သင်တန်းသားများပါဝင်သည့် အမှတ်စဉ် (၂) ကရင်(အနောက်ပိုး) စာပေဆရာဖြစ် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ကော့မှူးမြို့နယ်၊ ဝါးသိင်္ခရွာတွင် ယနေ့(ဇွန် ၅ ရက်) ပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရအခြေခံပညာကျောင်းများတွင် ဇူလိုင်လမှ စတင် သင်ကြားမည့် ကရင်စာပေအတွက် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သင်တန်း ဆရာမ နန့်စိုးစိုးက ယခုလို ပြောသည်။

၎င်းက “ကရင်စာပေ ပြန်လည်မြင့်မားဖို့၊ ပြန့်ပွားဖို့အတွက် လာရောက် သင်ကြားပေးခြင်းဖြစ်ပါတယ်။ တက် ရောက်တဲ့ သင်တန်းသားထဲမှာ လေ့လာသူ ၂ ဦးကလွဲလို့ ကျန်တဲ့ ၄၉ ဦးလုံးဟာ သူတို့ရဲ့သက်ဆိုင်ရာ ရွာတွေမှာ ကရင်စာဆရာအဖြစ် စာပြန်သင်ပေးသွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။ 

ကော့မှူးမြို့နယ်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြုလုပ်ပေးသည့် ယခုသင်တန်းကို မြို့နယ် အတွင်းရှိ ကရင်(အနောက်ပိုး)ရွာပေါင်း ၁၆ ရွာမှ သင်တန်းသား/သူ(ဆရာ/မ လောင်း ) ၅၁ ဦးတက်ရောက် ခဲ့ခြင်းဖြစ်သည်။

မေ ၂၉ ရက်မှ ဇွန် ၄ ရက်နေ့အထိ တပတ်ကြာဖွင့်လှစ်ခဲ့သည့် အဆိုပါသင်တန်းတွင် ကရင် KG (သူငယ်တန်း) ဖတ်စာ သင်ကြားနည်းများကို ဧရာဝတီတိုင်းဒေသကြီးမှ ဆရာ/မ လေးဦးက သင်ကြားပို့ချပေးခဲ့ ခြင်းဖြစ်ကြောင်း လည်းသင်တန်းတာဝန်ရှိသူများထံမှ သိရသည်။ 

သင်တန်းသူ ဝါးသိင်္ခရွာမှ နန့်စုမြတ်နိုင်က “ကိုယ့်အမျိုးသားရေးကို တိုးတက်စေချင်တယ်။ ကရင်ကလေး တိုင်းကို ကရင်စာတတ်စေချင်တယ်။ ဒါကြောင့် ဒီသင်တန်းကိုတက်ပြီး ဇူလိုင်လ ၁ ရက်နေ့ဆို (ကလေး တွေကို) ကရင်စာသင်ပေးရတော့မယ်”ဟု ကေအိုင်စီသို့ ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရအခြေခံပညာကျောင်းများ၌ ၂၀၁၅ ခုနှစ်မှစ၍ ပိုးနှင့် စကောကရင်စာ စတင် သင်ကြားခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၇-၁၈ ပညာသင်နှစ်တွင် KG တန်းတွင် ပိုးနှင့် စကောကရင်စာသင်ရိုး သစ်ဖြင့် သင်ကြားမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 

ထို့အတူ ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန်၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတပင်စသည့် မြို့နယ်များနှင့် တောင်ပိုင်းခရိုင်အတွင်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းစသည့် မြို့နယ်များတွင် ကရင်စာသင်ကြားမှု အများဆုံး ဖြစ်ကြောင်းလည်း တိုင်းစာ/ယဉ်တာဝန်ရှိသူများထံမှ သိရသည်။

ယခုပြီးစီးသွားသည့် ကော့မှူးမြို့နယ်၊ အမှတ်စဉ် (၂) ဆရာဖြစ်မွမ်းမံသင်တန်းဆင်းပွဲကို ကော့မှူးမြို့နယ်အတွင်းရှိ ကရင် (အနောက်ပိုး)စာပေအတွက် ဝါးသိင်္ခရွာနှင့် ကရင်(စကော)စာပေကို ၉ ရွာစုပေါင်း၍ သောင်အိမ်ရွာတို့တွင် နှစ်နေရာခွဲကာ ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။ 

ပထမဦးဆုံးအကြိမ် ကော့မှူးမြို့နယ်၊ အမှတ်စဉ် (၁) ကရင်ဆရာဖြစ်မွမ်းမံသင်တန်းဆင်းပွဲကို စကောနှင့် ပိုးရွာ ၂၁ ရွာ စုပေါင်း၍ မိုတောရွာတွင် ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သည်ဟု သိရသည်။

 

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...