မော်လမြိုင်မြို့တွင် ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန် ပြည်နယ်အစိုးရသို့တင်ပြထား

မော်လမြိုင်မြို့တွင် ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန် ပြည်နယ်အစိုးရသို့တင်ပြထား
by -
မွန်သတင်းအေဂျင်စီ
 စျေးကြိုကားဝင်းအတွင်း ကုန်တင်ကားကြီးများ ရပ်နားထားစဉ်(MNA)
စျေးကြိုကားဝင်းအတွင်း ကုန်တင်ကားကြီးများ ရပ်နားထားစဉ်(MNA)
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကုန်တင်ယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်ရန် ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက စက်တင်ဘာလ ရ ရက်၊ ၂၀၁၆ ရက်စွဲဖြင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားခဲ့ကြောင်း သိရသည်။

ကုန်တင်ယာဉ်များရပ်နားရာ စျေးကြို အဝေးပြေးကားဝင်အတွင်း ကုန်စည်ဒိုင် ဆောက်လုပ်လိုက်သောကြောင့် ရပ်ကွက်များနှင့် လမ်းဘေးတစ်လျောက်တွင် ရပ်နားနေရသဖြင့် ရပ်ကွက်ပြည်သူများနှင့် မကြာခဏ ပြဿနာဖြစ်ပေါ် လျက်ရှိကြောင်း ပြည်နယ်ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ပြောသည်။

“ကုန်တင်ကားတွေက လက်ရှိနေရာမှာ ရပ်နားဖို့က မလုံလောက်တော့တဲ့အတွက် လမ်းဘေးတွေမှာ သူများအိမ်ရှေ့တွေမှာ လျောက်ရပ်တယ်၊ ကားဆိုတော့ ယာဉ်မောင်းပါမယ် နောက်လိုက်ပါမယ်ဆိုတော့ သူတို့ရဲ့ အပေါ့အပါးကိစ္စတွေအတွက် ရပ်ကွက်ကလူတွေက လက်မခံဘူး ဒီမှာလည်း ခဏခဏလာတိုင်တာတွေ ရှိတယ်”  ဦးကျော်ဝင်းမောင်ကပြောဆိုသည်။

ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ မော်လမြိုင်မြို့သို့ တစ်နေ့တာဝင်ရောက်လာသော ကုန်တင်ယာဉ်များမှာ မိုးတွင်းပိုင်းတွင် ရှစ်ရာခန့်ရှိပြီး ပွင့်လင်းရာသီတွင် တစ်ထောင်ကျော်ရှိကြောင်း ဦကျော်ဝင်းမောင်က ဆက်ပြောသည်။

“ကားရပ်ရတာတော့ လုံလောက်မှုတော့ မရှိဘူးပေါ့ ဒီလိုပဲ မိသလိုပဲ ဒီစျေးကြိုတဝိုက်မှာ ရပ်နေရတာပဲ ပတ်ဝန်းကျင်ကတော့ သူတို့ဆိုင်ကိုပိတ်နေရင်တော့ ပြောတာပေါ့ ဒီလိုပဲလွတ်လွတ်လပ်လပ်နေရာရှာပြီး ရပ်ရတာပေါ့” ဟု မော်လမြိုင် ရန်ကုန် ကုန်ကားမောင်းနှင်းနေသူတစ်ဦးဖြစ်သူ ဦးညာဏ်ထွန်းဦးက ပြောသည်။

ကုန်တင်ယာဉ်ရပ်နားရန် စခန်းသစ်တခုဆောက်လုပ်နိုင်ပါက လွတ်လွတ်လပ်လပ် နားနေရကြောင်း၊ လွတ်လပ်စွာ ကားသွင်း ကားထုတ်၍ရကြောင်း၊ သူတပါးသူဆိုင်ရှေ့တွင် ရပ်မိလျှင် စကားပြောရသည်များကို ကြုံဖူးသော်လည်း ကိုယ့်ဖာသာ လွတ်လွတ်လပ်လပ် ရပ်ရင် ဘာပြဿနာမှ မဖြစ်ဖူးကြောင်း ဦးညာဏ်ထွန်းက ဆက်ပြောသည်။

“အခြေအနေ အခက်အခဲတွေက ကားနဲ့ ၀င်းနဲ့တော့ မမျှဘူးပေါ့ ကားကများလာတာရယ် ၀င်းအနေအထားက ကျဉ်းနေတာရယ်ကြောင့်ပေါ့ ဒါပေမယ့် နေရာလေး ပြောင်းမယ်ဆိုရင်တော့ ကားတွေအတွက် အဆင်ပြေတာပေါ့၊ လောလောဆယ်ဆယ်မှာက ကွင်းက ဒါလေးပဲရှိတော့ ဒီနေရာလေးမှပဲ ခြစ်ခြုတ်ပြီးတော့ အကုန်ရပ်နေရတာပေါ့” ဟု မော်လမြိုင်-မုံရွာ-အောင်ပန်းသို့ ကုန်တင်ကားမောင်းနှင်နေသည့် ကိုအောင်လတ် က ပြောသည်။

ကိုအောင်လတ်က မိမိတို့ လမ်းဘေးမှာ ရပ်ရခြင်းမှာ ကားဝင်းအထဲတွင် မဆန့်၍ဖြစ်ပြီး လူတိုင်းက မိမိအိမ်ရှေ့လာရပ်သည်ကို မနှစ်သက်ခြင်းမှာ သဘာဝပင်ဖြစ်ကြောင်း၊ မိမိတို့ဘက်ကလည်း အဆင်ပြေသည့်နေရာ လွတ်လောက်သည်ထင်သည့်နေရာတွင်သာ ရပ်ကြပြီး တချို့က ဖယ်ပေးခိုင်းလျင် ဖယ်ပေးကြကြောင်း ကုန်တင်ကားများအတွက် နေရာတစ်ခု လုပ်ပေးမည်ဆိုလျှင် ပို၍အဆင်ပြေကြောင်း ဆက်ပြောသည်။

ကုန်စည်စီးဆင်းမှုများပြားလာသည်နှင့်အမျှ ကုန်တင်ယာဉ်ကြီးများမှာလည်း မော်လမြိုင်သို့ ၀င်ရောက်လာမှု ပိုမိုများပြားလာသောကြောင့် မြို့တော်အင်္ဂါရပ်နှင့်အညီ စနစ်တကျ ရပ်နား/ထွက်ခွါနိုင်ရေးအတွက် ကုန်တင် ယာဉ်ရပ်နားစခန်း တစ်ခု ဆောက်လုပ်ရန် လိုအပ်လျက်ရှိသောကြောင့် (၂၉/၈/၂၀၁၆) ရက်နေ့တွင် ကျင်းပပြု လုပ်သော ပြည်နယ်ယာဉ်လုပ်ငန်းများထိန်း သိမ်းကြီးကြပ်ရေးကော်မတီ အလုပ်အမှုဆောင်ကော်မတီ လုပ်ငန်းညှိုနိုင်းအစည်းအဝေးအမှတ်စဉ် (၉/၂၀၁၆) အရ၊ ပြည်နယ်အစိုးရအဖွဲ့သို့ ယခုကဲ့သို့တင်ပြရန် သဘောတူ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...