မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးစွဲနေသူများ အမှားကိုပြင်၍ ဆေးဖြတ်လိုပါက အရေးမယူဘဲ အခမဲ့ကုသ ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူများက ဆိုကြသည်။
ယင်းအစီအစဉ်ကို မွန်ပြည်နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)နှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင် များ ပူးပေါင်း၍ သြဂုတ်လအတွင်းမှ စတင်လုုပ်ဆောင်ခြင်းဖြစ်သည်။
" မူးယစ်ဆေးဝါးစွဲနေတဲ့သူတွေကို လိုက်လံရှာဖွေပြီး အသိပညာပေးဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ သူတို့ တွေက လက်ခံလာမယ်။ ဆေးစွဲနေတာကို ဖြတ်ချင်စိတ်တွေရှိလာမယ်ဆိုရင် ကျွန်တော်တို့ ကူညီပေးမယ်"ဟု လုပ်ဆောင်နေသည့် အစီအစဉ်သစ်ကို မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး စိုးမွန် က ဆိုသည်။
မွန်ပြည်နယ်အတွင်း ဆေးစွဲနေသည့်သူများကို ဆေးပြတ်သွားရန်ကုသပေးမည့် မူးယစ်ဆေးဝါးပပျောက်ရေး အစီအစဉ်သစ်ထိရောက်နိုင်မည်လော။ ယင်းအစီအစဉ်အသစ်အောင်မြင်၍ ဆေးစွဲနေသည့် လူငယ်များ လမ်း မှန်ပြန်ရောက်နိုင်မည်လောဆိုသည်မှာ စောင့်ကြည့်ရမည့် အခြေအနေတစ်ခုဖြစ်နေသည်။
အကောင်အထည်ဖော်သည့် MANA နှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့အစီအစဉ်အတွက် ဆေးဖြတ်မည့် ပထမဆုံးလူနာအဖြစ် မော်လမြိုင် မြို့မှ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက လာရောက်၍ မူးယစ်ဆေးဝါးဖြတ်ရန် ကုသမှုခံယူခဲ့သည်။
အဆိုပါအမျိုးသားမှာ မော်လမြိုင်မြို့၊မန္တလေးရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး မူးယစ်ဆေးသုံးစွဲနေသည်မှာ ၁၅ နှစ်ခန့်ပင်ရှိပြီးဖြစ်ကာ မိသားစုဝင်များကို ဒုက္ခမပေးချင်တော့သောကြောင့် ရဲတပ်ဖွဲ့ထံဆက်သွယ်၍ ဆေးပြတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း အဆိုပါအမျိုးသားက ရှင်းပြသည်။
"ခုလိုဆေးဖြတ်တဲ့သူက ဒါပထမဦးဆုံးပါ၊ ကျန်တဲ့ ဆေးအမှန်တကယ်ဖြတ်ချင်တဲ့သူတွေလာခဲ့ပါ"ဟု MANA အဖွဲ့မှ မော်လမြိုင်ခရိုင်အတွင်းရေးမှူး ဦးမြတ်ထွန်းက တက်တက်ကြွကြွဖိတ်ခေါ်လေသည်။
တိုက်ရခက်သော မူးယစ်ဆေး
ယခင်အစိုးရလက်ထက်များကတည်းက မပျက်မကွက် တိုက်ဖျက်ခဲ့သော မူးယစ်ဆေးမှာ မွန်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ သက်ဆိုးရှည် ပြဿနာတစ်ရပ်ဖြစ်နေသည်။
"နေရာတိုင်းမှာဖြစ်နေတယ် ဒါတွေကများလာတော့ ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး"ဟု ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက ပြောဆိုသည်။
သက်ဆိုးရှည်မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ပြဿနာမှာ စိတ်ကိုထိန်းချုပ် နိုင်စွမ်းမရှိတော့သောကြောင့် အကြမ်းဖက်မှုများဖြစ်ပွားခြင်း၊ရာဇဝတ်မှုများ အလွယ်တကူဖြစ်ပွားလာခြင်းနှင့် တိုင်းပြည်အတွက် ဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်စေနိုင်သည်။
ယင်းကြောင့် အစိုးရသစ်တက်လာပြီးနောက်တွင်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အရှိန်ဟုန်မြင့် လုပ်ဆောင်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားသည်။
ရက်တစ်ရာစီမံကိန်းအပြင် နောက်ထပ် ရက်တစ်ရာထပ်မံတိုးချဲ့၍အရေးယူနေသည့် မူးယစ်ဆေးဝါးမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိကာလအတွင်း မွန်ပြည်နယ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း ၁၂၁ မှုအထိ ဖမ်းဆီးရမိထားကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ယင်းသို့ဖမ်းဆီးရမိမှုများတွင် ဆေးသုံးစွဲသူများတွင် လူငယ်၊လူရွယ်များမှာ အများဆုံးဖြစ်ပြီး တက္ကသိုလ် ဝင်တန်းအောင်ကျောင်းသားများနှင့် ဆယ်ကျော်သက်များပါဝင်လာကြောင်း ရဲတပ်ဖွဲ့ ဝင်များက ပြောဆိုကြ သည်။ ထို့ပြင် ယခုနှစ်များတွင် သုံးစွဲမှုများပြားလာသည်မှာ WY စိတ်ကြွရူးသွပ်ဆေးပြား ဖြစ်ကြောင်းလည်း ၎င်းတို့ထံမှ သိရသည်။
ကျောင်းသားအရွယ်လူငယ်များ မူးယစ်ဆေးဝါးမှုများတွင် ပါဝင်ပတ်သက်လာမှုနှင့်ပတ်သက်၍ " ဒါက လုံးဝ မဖြစ်သင့်တဲ့ အရာတွေပါ "ဟု ဒုရဲမှူး စိုးမွန် က ဆိုလေသည်။
ရုန်းထွက်ခွင့်
တိုင်းပြည်၏ အနာဂတ်အတွက်အရေးပါသော တက္ကသိုလ်ကျောင်းသားအရွယ်လူငယ်များ မူးယစ်ဆေးဝါးမှု များတွင်ဖမ်းမိ၍ ဥပဒေနှင့်အညီအရေးယူရာတွင် ထိန်းသိမ်းရန် အခက်အခဲဖြစ်လာကြောင်း ဒုရဲမှူး စိုးမွန်က ဆိုသည်။
မော်လမြိုင်မြို့ရဲတပ်ဖွဲ့မှူးရုံးမှ ဒုမြို့နယ်မှူးဖြစ်သူ ၎င်းက " ဥပဒေနဲ့အညီအရေးယူမှုတွေပြုလုပ်ရတော့ သူတို့လေး တွေအတွက်ရော၊ မိသားစုတွေအတွက်ပါ ထိခိုက်နှစ်နာမှုတွေ အများကြီး ဖြစ်နေတာတွေ့ရတယ်" ဟု ဆက်လက်ပြောဆိုသည်။
ထိုအခြေအနေများတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့နှင့် MANA အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်မည့် ဆေးဖြတ်လို သူများ ကို မဖမ်းဆီးဘဲကုသပေးမည့် အစီအစဉ်သစ်မှာ ဆေးစွဲမှုကို ဖြတ်တောက်လိုသူများအတွက် အခွင့်အလမ်း တစ်ရပ်ဖြစ်လာသည်။
ဆေးဖြတ်ရန် လာရောက်ဆက်သွယ်သူများကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၏ စိတ်ကျန်းမာရေးဆေးရုံတွင် အခမဲ့ကုသပေးမည်ဖြစ်ကြောင်း MANA အဖွဲ့ထံမှသိရသည်။
"အဲဒါက ကောင်းတဲ့ အလုပ်တစ်ခုပဲ"ဟု ဆေးဖြတ်ပေးမည့်အစီအစဉ်ကို ရေးမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာမင်းစိုးလင်းက ထောက်ခံပြောဆိုသည်။
မော်လမြိုင်မြို့တွင် ယခင်ကလည်း မူးယစ်ဆေးဝါးဖြတ်ပေးသည့် ဌာနရှိခဲ့ဖူးကြောင်း ၎င်းကရှင်းပြသည်။
သြဂုတ်လအတွင်း စတင်အကောင်အထည်ဖော်သည့် ယခုဆေးဖြတ်ပေးမည့်အစီအစဉ်တွင်မူ မူးယစ်ဆေး ဝါးပြတ် တောက်သွားပါက ဘဝရပ်တည်မှုအတွက်လည်း စီစဉ်ပေးမည်ဖြစ်ကြောင်း MANA အဖွဲ့မှ ဦးမြတ်ထွန်း က ရှင်းပြသည်။
ရေရှည်စီမံရေး
ယခုအစီအစဉ်မှာ အချို့နိုင်ငံများတွင်လည်း အကောင်အထည်မှုများရှိပြီး မူးယစ်ဆေးဝါးပပျောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ပေးနိုင်သောကြောင့် ရေရှည် အောင်မြင်အောင် လုပ်ကိုင်ရေးမှာ အရေးကြီး ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြသည်။
ဆေးဖြတ်ခြင်းကိုမူ ဆေးစွဲနေသူများ လျော့ပါးပပျောက်သည်အထိ လုပ်ကိုင်သွားမည်ဖြစ်ပြီး ကုသ ခံနေစဉ် တွင်လည်း ပြန်လည်ထူထောင်ရေးအတွက် ဂီတနှင့် အားကစား အစရှိသည်များကို လုပ်ကိုင်မည်ဖြစ်ကြောင်း MANA အဖွဲ့ထံမှ သိရသည်။
ထို့ပြင် ဆေးဖြတ်ပြီးသားလူများကိုလည်း လိုအပ်သည့်အရာများကိုထောက်ပံ့ပေး၍ စောင့်ကြည်မှုများပြုလုပ်ရန် လိုကြောင်း ဆရာဝန်တစ်ဦးလည်းဖြစ်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းက အကြံပြု ပြော ဆိုသည်။
ဒုရဲမှူး စိုးမွန်ကမူ ဆေးဖြတ်သူများကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ဆေးပြတ်ပြီးချိန်တွင် ပြန်လည်သုံးစွဲပါက ဖမ်းဆီးအရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်း ရှင်းပြပြောဆိုသည်။
"ဆေးဖြတ်ပေးထားခဲ့သူတွေက ထပ်ပြီးဆေးသုံးစွဲခဲ့မယ်ဆိုရင် ဖမ်းဆီးအရေးယူမှု အပိုင်းတွေရှိလာမှာပါ"ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။
စီမံကိန်းဖြင့် ဆေးဖြတ်ပေးမည့်အစီအစဉ်ကိုလုပ်ဆောင်သကဲ့သို့ပင် ရဲတပ်ဖွဲ့အနေဖြင့်လည်း အဓိကဖြန့်ဖြူး နေသူများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များကပြောဆိုသည်။
"အထိရောက်ဆုံး ဖြန့်ဖြူးနေတဲ့ ဌာနကို ဖျက်ပစ်ဖို့ လိုတယ်။ဒါပေမယ့် ချက်ချင်းတော့ မရနိုင်ဘူးလေ။ နည်းသထက်နည်းအောင် လုပ်ပေးနိုင်ရင် အကောင်းဆုံးပဲ " ဟု ဒေါက်တာမင်းစိုးလင်းက ထောက်ပြပြော ဆိုသည်။
ထို့ပြင် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများအတွက် ပြည်သူများကလည်း ပူးပေါင်းပါဝင်ရန်လိုအပ်ပြီး ယင်းသို့ လုပ်ဆောင်မှသာ အောင်မြင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက တစ်ညီတစ်ညွတ်တည်းပြောဆိုကြသည်။
လတ်တလောတွင် မော်လမြိုင်မြို့ပေါ်ရှိ အသက် ၃၆ နှစ်အရွယ်အမျိုးသားတစ်ဦးကို ဆေးစတင်ဖြတ် ပေးနေသည့် MANA နှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့က ဆေးစွဲသူများကို အရေးမယူဘဲ ဆေးဖြတ်ပေးမည့် အစီအစဉ်ကို အောင်မြင်မည်ဟုယုံကြည်နေကြသည်။
"ဆေးစွဲနေတဲ့သူတွေကို ဆေးဖြတ်ပေးနေတယ်ဆိုတာ သူတို့သိလာမယ် ။ အနီးအနားမှာရှိတဲ့ ပတ်ဝန်းကျင် ကပြည်သူတွေက ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်ပေးသွားကြမယ်ဆိုရင်တော့ ခုလိုကျွန်တော်တို့ လုပ်ဆောင် နေတဲ့လုပ်ငန်းက မအောင်မြင်စရာမရှိပါဘူး"ဟု ဒုတိယရဲမှူးစိုးမွန်က ဆိုလေသည်။



