အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် ပြုဖို့ UPDJC ထံ မွန်နိုင်ငံရေးပါတီတွေ တောင်းဆိုဖို့ စီစဉ်နေ

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် ပြုဖို့ UPDJC ထံ မွန်နိုင်ငံရေးပါတီတွေ တောင်းဆိုဖို့ စီစဉ်နေ
by -
ရွှေရိုး

မွန်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် ရရန် အတွက် မွန်နိုင်ငံရေး ပါတီများ စုပေါင်းပြီး UPDJC ထံ တောင်းဆို သွားရန် စီစဉ်လျက် ရှိကြောင်း မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တွဲဖက် အတွင်းရေးမှူး နိုင်စံတင်က ပြောသည်။

အဆိုပါ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ယခ ုနိုဝင်ဘာ လကုန်ပိုင်း သို့မဟုတ် လာမည့် ဒီဇင်ဘာ လဆန်း ခန့်တွင် AMDP) အနေဖြင့် မွန်အမျိုးသားပါတီ (MNP) နှင့် တွေ့ဆုံ ဆွေးနွေးပြီး ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို မွန်ပြည်နယ်မှာ ဆောင်ရွက်နိုင်ဖို့ မွန်နိုင်ငံရေး ပါတီတွေ စုပေါင်းပြီးတော့ UPDJC ကို စာတင် ပြီးတော့ ကျင်းပခွင့် ပြုဖို့ တောင်းဆိုမယ်။ နောက်ပြီး ဒီနှစ်ပါတီ အပြင် အမျိုးသမီးပါတီ (မွန်) ကိုလည်း သူတို့ ကိုလည်း ပါဝင် စေချင်တယ်”ဟု နိုင်စံတင်က ပြောသည်။

မွန်ပြည်နယ် အခြေပြု လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်သည့် မွန်ပြည်သစ် ပါတီသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) အားလက်မှတ် ရေးထိုး ထားသေးခြင်း မရှိသဖြင့် မွန်ပြည်နယ်တွင် အမျိုသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲအား ကျင်းပခွင့် ရသေးခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ် မရေးထိုး ရသေးသည့် ဒေသ များ၌ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် မပြုရန် ဆုံးဖြတ် ထားသော်လည်း ကျင်းပခွင့် ရရှိရေး အတွက် တောင်းဆို ကြရန် အခြား တိုင်းရင်းသား ပါတီ များနှင့်လည်း တိုင်ပင် ဆွေးနွေး ထားကြောင်း ၎င်းက ရှင်းပြသည်။

“NCA လက်မှတ်ထိုးတာ မထိုးတာနဲ့ မဆိုင်ဘူး။ လက်မှတ် ထိုးတာက လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ဆိုင်တယ်။ အခု အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ CSO တွေလည်း ပါတယ်။ ပြည်တွင်း တရားဝင် နိုင်ငံရေး ပါတီတွေ ရှိနေ တာပဲ။ လက်နက်ကိုင် အဖွဲ့အစည်းကြောင့် ကျန်တဲ့ အဖွဲ့အစည်းတွေ မကျင်းပရဘူး ဆိုတာ မဖြစ်သင့်ဘူး” ဟု နိုင်စံတင်က ထပ်လောင်း ပြောကြားသည်။

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ (AMDP) နှင့် မွန်အမျိုးသား ပါတီ (MNP) တို့ တွေ့ဆုံ ဆွေးနွေး ကြမည်ကို သဘောတူ လက်ခံကြောင်း၊ တစ်လ တစ်ကြိမ် တွေ့ဆုံ ကြသည့်အခါ ယင်းကိစ္စကို ဆွေးနွေး ကြရန် ကိုယ်စားလှယ် သုံးဦးကို ညွှန်ကြား ထားပြီးသား ဖြစ်ကြောင်း MNP အထွေထွေ အတွင်းရေးမှူး နိုင်လယိတမက ဆိုသည်။

“ကျွန်တော်ပါတီရဲ့ အမြင် သဘောထားအရ ဆိုရင် လက်ရှိ နိုင်ငံရေး အခြေအနေက ရှုပ်ထွေး နေသေးတယ်။ မွန်ပြည်သစ် ပါတီက NCA လက်မှတ် မထိုးထား ရသေးဘူး။ ဒီကိစ္စက ခဏလောက် စောင့်ကြည့် ရမယ်။ ဒီနေ့ ဒီအချိန်ဟာ ဆောင်ရွက်ဖို့ သင့်မသင့် ကျွန်တော်တို့ နှစ်ပါတီက တွေ့ဆုံ ပြီးတော့ ပြန်လည် သုံးသပ် သွားမယ်။ လုပ်သင့် တယ်လို့ ဆုံးဖြတ်ခဲ့ရင် ဒီနှစ်ပါတီက ပူးပေါင်းပြီးတော့ လုပ်ဆောင် ရမယ်”ဟု နိုင်လယီတမက ပြောကြားသည်။

MNP နှင့် AMDP ပါတီ နှစ်ရပ်မှာ နိုဝင်ဘာလ ၈ ရက်က မော်လမြိုင်မြို့တွင် ပထမအကြိမ်အဖြစ် အလွတ်သဘော တွေ့ဆုံ ခဲ့ကြပြီး သဘောတူညီချက် သုံးရပ် ရရှိ ထားခဲ့သည်။

Most read this week