ရန်ကုန်မြို့သို့ ရောက်ရှိနေသော တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက် ဆံရေး ဌာနကြီးမှူး မစ္စတာ ဆုန့်ထောင်း နှင့် ဩဂုတ်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ တွေ့ဆုံဆွေးနွေးရာတွင် ခွန်ထွန်းဦး ကပြောကြားလိုက်ကြောင်း အတူလိုက်ပါတွေ့ဆုံသူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် သုတေသနနှင့် လေ့လာရေးဌာနမှုးစိုင်းထွန်းအေး က သျှမ်းသံတော်ဆင့်အား ပြောသည်။
“ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့် အဝရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု အဖြစ် တည်ဆောက်သွားဖို့လိုလား တယ်။ သျှမ်းပြည်နယ် အတွင်းရှိတဲ့ တိုင်းရင်းသား များကို စုစည်းပြီး Federated Shan States အဖြစ် ရည်မှန်းပြီး ပြည်ထောင်စုကြီးမှာ ပါဝင်သွား ရန် ဆန္ဒရှိတယ်။ ပြည်ထောင်စုအတွင်းကနေ ခွဲထွက်သွားခြင်း မလိုလားဘူး၊ အားလည်း အားမပေးဘူး။ SNLD အနေနဲ့ မြန်မာနိုင်ငံမှာ လက်တွေ့ကျတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတစ်ရပ် ပေါ်ထွန်းလာဖို့အတွက် ကျရာ အခန်းကဏ္ဍ ကနေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သန္နိဋ္ဌာန်ချမှတ်ထားတယ် စသည်ဖြင့် ကျနော်တို့ ဥက္ကဋ္ဌက ဆွေးနွေးပြောကြားပါတယ်” ဟု စိုင်းထွန်းအေး က ပြောကြားပါသည်။
တိုင်းရင်းသားလူမျိုးများအရေးနှင့် ပတ်သက်၍ မစ္စတာဆုန့်ထောင်း က − မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုး အသီးသီးတို့ သည် နောက်ခံ သမိုင်းကြောင်း၊ ယဉ်ကျေးမှုတို့ ကွဲပြားရှုပ်ထွေးကြောင်း၊ ပြဿနာကို ဖြေရှင်း ရာတွင် မှန်ကန်သော နည်းလမ်း ကျင့်သုံးသွားရန် လိုအပ်ကြောင်း၊ တရုတ်နိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၅၆ မျိုးရှိပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် ငါးခု သတ်မှတ်ပေးထားကြောင်း၊ လူနည်းစုအရေးကို စဉ်းစားရာတွင် တန်းတူရေး တစ်ခုတည်းဖြင့် မလုံလောက်ကြောင်း၊ လူနည်းစုများ ကို ပိုပြီးတော့ ဦးစားပေး ရမှဖြစ်ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တိုင်းရင်းသားလူနည်းစုများ၏ ငြိမ်းချမ်းရေး လိုလားတောင့်တ မှုဆန္ဒကို ထောက်ခံပါ ကြောင်း စသည်ဖြင့် ဆွေးနွေးသွားကြောင်း စိုင်းထွန်းအေးက ပြောပါသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး က သျှမ်းပြည်နယ် လူထု ရင်ဆိုင်နေရသော နယ်စပ်ကုန်သွယ်ရေး အခက် အခဲများ၊ နယ်စပ်ကုန်သွယ်ရေး အပေါ် မှီခို နေရသည့် သျှမ်းပြည်နယ်၏ စိုက်ပျိုးရေး လုပ်ငန်းအခြေအနေနှင့် တောင်သူလယ်သမားများ၏ ဘဝအခြေ အ နေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရပါသည်။
တရုတ်ကွန်မြူနစ်ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်းမှ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဆက်ဆံမှုပြုလုပ်လာပြီး ၂၀၁၆ မတ်လတွင် တိုင်းရင်းသား နိုင်ငံရေးပါတီ ကိုယ်စားလှယ်များအား တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ဖိတ်ခေါ်ရာတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကိုပါ ထည့်သွင်းဖိတ်ကြားခဲ့သည်။







