ချိူးဘာသာစကားကို အစိုးရကျောင်းများတွင် မိခင်ဘာသာစကားအဖြစ် သင်ကြားနေကြသော မင်းတပ်၊ ကန်ပက်လက်၊ ထီးလင်းနှင့် ဆောမြို့နယ်များတွင် ဒေသနှင့် မကိုက်ညီသော ကျောင်းဆရာ၊ဆရာမ ခန့်ထားခြင်းကြောင့် ယခုကဲ့သို့ သင်ကြားရေးတွင် အခက်ကြံုနေရခြင်းဖြစ်သည်ဟု မင်းတပ်မြို့မှ ဒေသခံ ကျောင်းဆရာ Pa Ng’ Thang Om Pang က ပြောသည်။
“အစိုးရက ၀န်ထမ်းခန့်တဲ့ချိန်မှာ ဒေသခံထဲက မခန့်ကြပဲ မြေပြန့်က လူတွေကို ခန့်ကြတယ်၊ ချိုးဘာသာ စကားကို သင်ပေးဖို့ဆိုတော့လည်း သူတို့က မသင်ပေးနိုင်ဘူး၊ ချိူးစကားလုံးဝ မတတ်တဲ့သူက လာသင် ပေးတော့ လုံးဝမဖြစ်နိူင်ဘူး” ဟု သူကပြောသည်။
ထို့အပြင် မိခင်ဘာသာစကားကို ကျောင်းချိန်အတွင်း သင်ကြားခွင့်မရှိဘဲ ကျောင်းချိန်အပြီးတွင် နောက်ထပ် အချိန်ပိုအနေဖြင့်သာ သင်ကြားနေပြီး ကလေးများအတွက်လည်း အဆင်မပြေကြောင်း အဆိုပါ ကျောင်း ဆရာကဆက်ပြောသည်။
ချိုးဘာသာစကားသည် မင်းတပ်နှင့် ကန်ပက်လက်ဒေသတွင် အဓိက အသုံးပြုသော ဘုံဘာသာ စကားဖြစ် ကြောင်းသိရသည်။







