ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက ရွှေအလွန်အကျွံတူးဖော်နေကြောင်း ဒေသခံတွေက ဆိုပါတယ်။
မိုးမောက်မြို့နဲ့ ၁၄ မိုင်အကွာရှိတဲ့ တာပိန်မြစ်ဝက ရွှေမြောင်းနဲ့ မြို့သစ်ကြားမှာ တရုတ်လုပ်ငန်းရှင်တွေကပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကတည်းကနေ ရွှေတူးဖော်မှုတွေစတင်လုပ်ဆောင်နေတာဖြစ်ပြီးအစပိုင်းက အသေးစားရွှေတူးဖော်မှုအဆင့် ကနေ လက်ရှိမှာတော့ စက်ယန္တရားကြီးတွေနဲ့ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“စတူးတာက ၂၀၂၄ ခုနှစ်စက်တင်ဘာမှာစတာ။ အဲ့တုန်းက ရေမုန်သုံးဆိုင်းပေထွက်လေးတွေနဲ့စတူးတာ။ အခုနောက်ပိုင်းကမဟုတ်တော့ဘူး။ ဘတ်ဟိုးကြီးတွေ၊ ကားကြီးတွေနဲ့တူးနေတယ်။ ရေအားကလည်းကောင်းတော့ နှစ်ဆယ့်လေးနာရီမရပ်မနားကိုတူးနေတာ။ အခုမှစတူးတဲ့နေရာတွေလည်း ရှိတယ်”လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တရုတ်လုပ်ငန်းရှင်တွေဟာ တာပိန်မြစ်ဝပေါ်မှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကစပြီး ရေမုန်စက် သုံးဆိုင်းစတင်ရွှေတူးဖော်မှုလုပ်ဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကကတော့ မြေတူးစက်၊ မြေကောစက်ကြီးတွေနဲ့ မြေသယ်ကား အများအပြားတဲ့စတင်တူးဖော်နေတာလို့ မျက်မြင်ဒေသခံတွေက ဆိုပါတယ်။
“လုပ်းငန်းရှင်တွေကတော့ တရုတ်တွေပါပဲ။ မြန်မာစကားတောင်မတတ်ဘူး။ အလုပ်သမားတွေတော့ မြန်မာတွေပါတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
မိုးမောက်မြို့နယ်ဟာ လက်ရှိ KIA ထိန်းချုပ်မှုအောက်မှာရှိနေတာဖြစ်ပြီး အဲ့ဒီရွေတူးဖော်မှုကိုတာပိန်မြစ်အနီးနေထိုင်ကြတဲ့ ရွာပေါင်း ၁၇ ရွာကပြည်သူတွေနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ လက်မှတ်ရေးထိုးပြီး KIA/KIO ကိုကန့်ကွက်စာတင်တာတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီနေ့ချိန်ထိ KIO၊KIA ဘက်က တစ်စုံတစ်ရာတုံ့ပြန်လာတာမရှိသေးဘူးလို့လည်း သိရပါတယ်။
“ရွာပေါင်း ၁၇(ဆယ့်ခုနှစ်)ရွာက ဥက္ကဋ္ဌတွေနဲ့ပြည်သူတွေလက်မှတ်ထိုးပြီးတိုင်သေးတယ်။ မနှစ်က(၂၀၂၅) နိုဝင်ဘာလမှာ။ ဒါပေမယ့် အခုထိတော့ ဘာမှမထူးခြားလာဘူး။ တူးနေကြတုန်းပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်မှတ်ရေးထိုးတိုင်တဲ့ထဲရွာ မင်းဂျမ်းရွာ၊ ရွှေမြောင်းရွာဟောင်း၊ ဟင်္သာရွာ၊ စီကော်ရွာ၊ ခုန်စင့်ရွာ၊ တာဟေ့လိုင်ရွာ၊ မန်နောင် အောင်တံခွန်၊ နောင်ပေါ်စတဲ့ရွာတွေအပါအဝင် ရွာပေါင်း ၁၇ ရွာပါဝင်ခဲ့ပြီး အဲ့ဒီရွာတွေဟာ တာပိန်မြစ်အောက် မြစ်နဲ့နီးတဲ့ရွာတွေဖြစ်တာကြောင့် လက်ဆက်ပြီးကြီးကြီးမားမားရွှေတူးနေရင် ရွာတွေပျက်စီးသွားနိုင်တာကြောင့် အခုလိုကန့်ကွက်ကြတာလို့ဆိုပါတယ်။
ဒေသခံတွေကတော့ လက်ရှိတာပိန်မြစ်ဝမှာလုပ်ဆောင်နေတဲ့ရွှေတူးဖော်မှုကို ရပ်တန့်ခိုင်းဖို့နဲ့ထိထိရောက်ရောက်ကူညီဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
လက်ရှိပုံစံအတိုင်း စက်ယန္တရားကြီးတွေနဲ့ဆက်တူးနေရင် တာပိန်မြစ်ရဲ့ ရေစီးကြောင်းတွေပြောင်းလဲသွားနိုင်ပြီး လာမယ့်မိုးရာသီကာလမှာ အထက်မှာဖော်ပြခဲ့တဲ့ကျေးရွာတွေရွှေလွှမ်းမိုးသွားမှာကိုစိုးရိမ်နေကြပါတယ်။
မိုးမောက်မြို့နယ်ထဲမှာတော့ ယခင်စစ်အာဏာမသိမ်းမီတုန်းကလည်း လက်ရှိတူးနေတဲ့တာပိန်မြစ်ဝရဲ့အရှေ့ဘက် လေးမိုင်လောက်အကွာမှာ ရွှတူးဖော်မှုတွေရှိခဲ့ပေမယ့် အခုလိုဆိုးဆိုးဝါးဝါးတော့မရှိခဲ့ဘူးလို့ သိရပါတယ်။
လက်ရှိမှာတော့ မိုးမောက်မြို့နယ်ထဲက အထက်မှာဖော်ပြခဲ့တဲ့ တာပိန်မြစ်ဝအပါအဝင် ကျွန်းကုန်း၊ ငါးခ၊ ချွယ်ဟိုင်၊ သဘော်ဦး၊ ဆေးတင်စတဲ့နေရာတွေမှာလည်း ရွှေတူးဖော်မှုတွေရှိနေတယ်လို့ သိရပါတယ်။
တာပိန်မြစ်ထဲရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင်သုံးဦးက အဓိကဦးဆောင်လုပ်ကိုင်နေတာလို့ သိရပြီး စက်ယန္တရားအများအပြားနဲ့တူးဖော်နေသလို အစုရှယ်ယာရှင်တွေလည်းအများအပြားပါဝင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အခုလိုစက်ယန္တရားကြီးတွေနဲ့အလွန်အကျွံရွှေတူးဖော်မှုကြောင့် လာမယ့်မိုးရာသီကာလအတွင်း မြစ်နဲ့နီးနဲ့မြို့ သစ်၊စီကော်၊ တာဟဲလိုင်၊ ရွှေမြောင်း၊ ဟင်းသာ၊ မင်းဂျမ်းစတဲ့ရွာတွေအပါအဝင် အထက်ဖော်ပြပါကျေးရွာတွေရဲ့လယ်ယာနဲ့စိုက်ခင်းတွေပျက်စီးသွားနိုင်ကြောင်းနဲ့ လုပ်ကိုင်ရခက်ခဲလာနိုင်ကြောင်း ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
“တာပိန်မြစ်ဘေးကရွာတွေရဲ့လယ်တွေ၊ စိုက်ခင်းတွေကတော့ မိုးတွင်းကျခင်ကမ်းပြိုဘာပြိုနဲ့ပါသွားနိုင်တယ်။ ဘာလို့ဆို အခုရွှေတူးလိုက်တော့ ကမ်းတွေက အကုန်တိုက်စားထားတာ။ နောက်ပြီး အခုရေတွေကလည်း နောက်ကျိနေတာပဲဆိုတော့ စိုက်ခင်းထဲရေသွင်းဖို့လည်း ခက်ခဲလာတယ်”လို့ သူက ပြောပါတယ်။
တာပိန်မြစ်ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကနေ မြစ်ဖျားခံစီးဆင်းလာပြီ ဧရာဝတီမြစ်ထဲစီးဝင်နေတဲ့မြစ်ဖြစ်ပါတယ်။







