မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးဖမ်းဆီးရာမှ လူတစ်ဦးကျည်သင့်သေဆုံး

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးဖမ်းဆီးရာမှ လူတစ်ဦးကျည်သင့်သေဆုံး
by -
မွန်သတင်းအေဂျင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာအပြင်ဘက်ရှိ ကျေးရွာသင်္ချိုင်းကုန်းအနီးတွင် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲနေသည်ဆိုသော သတင်းအရ မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ဇူလိုင် ၁၄ ရက်၊ မွန်းလွဲ ၁  နာရီခွဲခန့်က ဝင်ရောက်ဖမ်းဆီးရာ လူတစ်ဦး သေနတ်ကျည်သင့်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
mna1801
ဖဲဝိုင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲသည့်နေရာ
(ကျိုက်မရော/မုဒုံ သတင်းစုံ Facebook)

သေနတ်ထိမှန် သေဆုံးသူမှာ ကမ်းနီရွာသား ကိုထွန်းမြင့် အသက် (၃၀) နှစ် မွန်အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရသည်။

“အဲဒီနေရာမှာ ဆေးသုံးစွဲနေတာ ၅ ဦး၊ ဖဲကစားနေတာ ၃ ဦး၊ သွားဖမ််းတဲ့ကျနော်တို့ရဲဘော်တွေကို မြင်တာနဲ့ တဲအိမ်ပေါ်ကနေခုန်ချထွက်ပြေးတယ်၊ မပြေးနဲ့ဆိုပြီး ဒီကသေနတ်ထောင်ပစ်တယ်၊ ဖမ်းမိတဲ့ ၅ ယောက်ကို ခေါ်လာတယ်၊  ဒဏ်ရာနဲ့တစ်ယောက်က လမ်းတဝက်မှာသေဆုံးသွားတယ်” ဟု ဒေသအခြေစိုက် မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်းရေးမှူး နိုင်ကြည်စံက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုနောက် မွန်ပြည်သစ်ပါတီ ဖမ်းဆီးထိန်းသိမ်းထားသောလူငယ် ၄ ဦးကို ကျုံဒိုးအခြေစိုက် ခမရ ၅၄၆ တပ်ရင်းမှူးတောင်းဆိုချက်အရ ဇူလိုင် ၁၅ ရက်နေ့တွင် လွှဲပြောင်းပေးလိုက်ပြီဟု သူက ဆိုသည်။

ကျုံဒိုးရဲစခန်း ရဲအုပ်ထွန်းထွန်းက “ရွာသားတွေက ရွာအပြင်သင်္ချိုင်းကုန်းမှာ ဖဲရိုက်နေကြတာပါ။ အဲဒါကို မွန် ပြည်သစ်ပါတီက ဖဲဝိုင်းကို ဝင်ဖမ်းတာပေါ့။ ဝင်ဖမ်းတော့ ပြေးတယ်။ ထွက်ပြေးတော့ သေနတ်နဲ့ ပစ်တယ်ပေါ့။ ကျည်ဆံက နောက်ကျောမှာ တစ်ချက်ထိပြီး သေဆုံးသွားတာပါ” ဟု မွန်သတင်းအေဂျင်စီကို အတည်ပြု ပြောဆိုသည်။

အဆိုပါဖြစ်စဉ်တွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ဖဲဝိုင်းဖမ်းဆီးရန်မဟုတ်ဘဲ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသည်ဟု သတင်းရရှိ၍ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး အခင်းဖြစ်ပွားသည့်နေရာတဝိုက်တွင် လိုင်စင်ရသကဲ့သို့ မူးယစ်ဆေးဝါးများကို ဗြောင်ကျကျ ရောင်းဝယ်သုံးစွဲနေကြောင်း၊ ကမ်းနီကျေးရွာ ရပ်မိရပ်ဖနှင့် လူငယ်အဖွဲ့အစည်းများ အကြိမ်ကြိမ်လာရောက်တိုင်ကြားမှုကြောင့် မွန်ပြည်သစ်ပါတီမှ ဝင်ရောက်ဖမ်းဆီးရခြင်းဖြစ်ကြောင်း နိုင်ကြည်စံက ဆိုသည်။

ကမ်းနီကျေးရွာ ဘုန်းတော်ကြီးဆရာတော်တစ်ပါးက “အဲဒီနေ့က ရွာမှာ အခြေအနေတော်တော်လေးရှုပ် ထွေးခဲ့တယ်။ အခုမှ နည်းနည်းပါးပါးရှင်းသွားတယ်။ မွန်ပြည်သစ်က ဘယ်လိုလုပ်ဆောင်ရွက် ပေးမလဲဆိုတာကို မသိသေးဘူး။ ရွာကိုဆင်းလာပြီးတော့ ဘယ်လိုတိုင်ပင်ဆွေးနွေးသွားဘို့ရှိတာကို အကြောင်းမပြန်ရသေးဘူး။ အဖြစ်အမှန်ကိုတော့ ခွဲခြမ်းစိတ်ဖြာနေတုန်း” ဟု မွန်သတင်းအေဂျင်စီသို့ မိန့်ဆိုသည်။

အခင်းဖြစ်ပွားသည့် သင်္ချိုင်းကုန်းတွင် လူငယ်များက ဖဲဝိုင်းအပြင် မူးယစ်ဆေးဝါး သုံးစွဲနေကြောင်းနှင့် မွန်ပြည်သစ်ပါတီမှ သွားရောက်ဖမ်းဆီးချိန်တွင် လူငယ်များ ဖဲကစားနေကြောင်း ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

ယခုသေဆုံးမှုတွင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ ထွက်ပြေးတိမ်ရှောင်နေကြောင်း၊ မွန်ပြည်သစ်ပါတီမှ ၎င်းအား လိုက်လံ ဖမ်းဆီးနေကြောင်းနှင့် အဆိုပါအမှုအား ပုဒ်မ ၃၀၂/ ၃၆၄/ ၁၁၄၊ (ပ) ၁၈/၂၀၁၆ နှင့် အရေးယူဆောင်ရွက်နေကြောင်း ရဲအုပ်ထွန်းထွန်းက ပြောသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် အမျိုးသားစီမံချက်အဆင့်သတ်မှတ်၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ ပညာပေးရေး၊ ဆေးဖြတ်သူများပြန်လည်ထူထောင်ရေး အစီအစဉ်များ ဆောင်ရွက်နေကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...