မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်များ စုံညီအစည်းအဝေးသို့ UNA နှင့် NBF ကိုဖိတ်ကြား

မိုင်ဂျာယန် တိုင်းရင်းသားလက်နက်ကိုင်များ စုံညီအစည်းအဝေးသို့ UNA နှင့် NBF ကိုဖိတ်ကြား
by -
မွန်သတင်းအေဂျင်စီ
ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နှင့် ညီနောင်တိုင်းရင်းသားပါတီများဖယ်ဒရေးရှင်း NBF တို့ကို ဖိတ်ကြားထားသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖယ်ဒရယ်ကောင်စီ UNFC မှ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဦးထွန်းဇော်က ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးပြီးအဖွဲ့များနှင့် လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့များ ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေး တစ်ရပ်ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေး ကို နိုင်ငံရေးပါတီတွေထဲက တက်ရောက်နိုင်ဖို့အတွက် UNA ကို ဖိတ်တယ်။ပြီးတော့ NBF ကိုလည်းဖိတ်တယ်။ UNA က ငါးယောက်၊ NBF က ငါးယောက် တက်ရောက်ဖို့ ဖိတ်ကြားတယ်”ဟု ဦးထွန်းဇော်က ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ရှိပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့တွင် RCSS/ SSA၊ CNF၊ PNLO၊ ALP၊ ABSDF၊ KNU၊DKBA၊ KNU/KNLA-PC၊ တို့ လက်မှတ်ရေးထိုးခဲ့သော်လည်း UWSA/UWSP၊ NDAA၊ NSCN-K၊ KIO/KIA၊ SSPP/SSA၊ KNPP၊ NMSP၊ TNLA၊ MNDAA၊ AA ၊ WNO၊ LDU၊ ANC စသည့် လက်နက်ကိုင် အဖွဲ့များမှာ လက်မှတ်မရေးထိုးခြင်း မပြုသေးပေ။

“ကျွန်တော်တို့ ဖိတ်ထားတယ်။ UNA ကနေ ငါးယောက်တက်ဖို့ပေါ့ ဒါကို ကျွန်တော်တို့လည်း အစည်းအဝေး ပြန်လုပ်ပြီးမှ ညှိနှိုင်းသွားကြဖို့ ရှိပါတယ်”ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး(၂) ဦးစိုင်းကျော်ညွန့် ကပြောသည်။

မိုင်ဂျာယန်တွင် မျက်နှာစုံညီ အစည်းအဝေး ကျင်းပနိုင်ရေးအတွက် NCA လက်မှတ်ရေးထိုးပြီး အဖွဲ့များနှင့် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များသည် ဇူလိုင် ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို ့တွင် တွေ့ဆုံဆွေးနွေးပြီ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ယင်းနောက် မျက်နှာစုံညီ အစည်းအဝေး ကျင်းပနိုင်ရေး ကော်မတီဖွဲ့စည်းခဲ့ရာတွင် ဥက္ကဋ္ဌ အဖြစ် ကရင်နီအမျိုး သား တိုးတက်ရေးပါတီ(KNPP)မှ ဦးခူဦးရယ်မှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ဒုဥက္ကဋ္ဌများအဖြစ် ကရင်အမျိုး သား အစည်းအရုံး(KNU)မှ ပဒိုစောကွယ်ထူးဝင်း နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)ဒုဥက္ကဋ္ဌ-၂ ဗိုလ်ချုပ် ဂွမ်မော် တို့က တာဝန်ယူမည်ဖြစ်သကဲ့သို့ အတွင်းရေးမှူးအဖြစ် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင် စီ(RCSS/SSA)မှ ဗိုလ်မှူးကြီး စိုင်းလ၊ တွဲဖက် အတွင်းရေးမှူးအဖြစ် မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်ရွှေသိန်း တို့ က အသီးသီး တာဝန်ယူ ဆောင်ရွက် ကြမည်ဖြစ်သည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...