NCA မထိုးသည့်အဖွဲ့များ ၂၁ ပင်လုံညီလာခံတက်ခွင့်ရှိသော်လည်း မဲခွဲဆုံးဖြတ်နိုင်မည်မဟုတ်ဟုဆို

NCA မထိုးသည့်အဖွဲ့များ ၂၁ ပင်လုံညီလာခံတက်ခွင့်ရှိသော်လည်း မဲခွဲဆုံးဖြတ်နိုင်မည်မဟုတ်ဟုဆို
by -
မွန်သတင်းအေဂျင်စီ
၂၁ ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအစည်းအဝေး (MSCO)
၂၁ ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအစည်းအဝေး (MSCO)
၂၁ ရာစု ပင်လုံ- ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်မရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တက်ရောက်ခွင့်ရှိပြီး သဘောထားအမြင်များ တင်ပြနိုင်မည်ဖြစ်သော်လည်း မဲခွဲဆုံးဖြတ်နိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီအဖွဲ့ဝင် ဒေါက်တာ မင်းဇော်ဦးက ဇူလိုင် ၆ ရက်တွင် ပြောကြောင်း Eleven News သတင်းဖော်ပြချက်အရ သိရသည်။

ဇူလိုင်လ ၅ ရက်နေ့ နေပြည်တော် The Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ ရာစုပင်လုံ) အကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ  ၂၁ ရာစုပင်လုံ ညီလာခံတွင် ပါဝင်နိုင်ရန် မူဝါဒချမှတ်ခဲ့အပြီး နောက်တစ်နေ့တွင် အစိုးရကိုယ်စားလှယ်က ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ မင်းဇော်ဦးက “NCA ရဲ့ မူတွေကိုတော့ ကျော်လို့ မရဘူးပေါ့။ NCA မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်။ ခွဲထွက်ရေးတို့ ဘာတို့ မရှိဘူး ဆိုတဲ့ မူတွေ ရှိပြီးသား ဖြစ်တဲ့အတွက် ဒီမူတွေကိုတော့ ကျော်လို့ မရဘူး။ ဒီမူဘောင် အတွင်းမှာ ဆိုလို့ ရှိရင်တော့ တင်ပြ ဆွေးနွေးလို့ ရတယ်ဆိုတဲ့ တင်ပြပိုင်ခွင့် သူတို့ရဲ့ အမြင်တွေကို ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ညီလာခံမှာ တက်ပြီးတော့ ဆွေးနွေး ဆုံးဖြတ် မဲခွဲတဲ့အဖြစ် ဖြစ်မယ် ဆိုရင်တော့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ NCA ထိုးတဲ့ အဖွဲ့တွေဖြစ်ဖို့ လိုတယ်။ UPDJC တို့လို အဖွဲ့တွေမှာပါမယ် ဆိုလို့ ရှိရင်တော့ NCA ထိုးတဲ့ အဖွဲ့တွေ ဖြစ်ဖို့ လိုတယ်ဆိုတာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု Eleven News က ရေးသားဖော်ပြသည်။

ထို့အပြင် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA(ကိုးကန့်အဖွဲ့)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA/PSLF နှင့် ရခိုင်တပ်မတော် AA စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်သည့်  တပ်မတော်၏ သဘောထားကို မိုင်းလားဒေသသို့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များ သွားရောက် ရှင်းလင်းဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ အဆိုပါ လက်နက်ကိုင် ၃ ဖွဲ့အနေဖြင့် လက်နက်ကိုင်လမ်းစဉ်နှင့် လက်နက်စွန့်လွှတ်ကြောင်း၊ မြေပြင်အခြေအနေ
ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အမှန်တကယ် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ကြေညာချက်ထုတ်ပြန်ပေးရန် တပ်မတော်က ဆန္ဒရှိနေကြောင်း အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်များ ပြောကြားချက်အရ သိရသည်။

သြဂုတ်လကုန်မတိုင်မီ ၂၁ ရာစုပင်လုံညီလာခံကျင်းပရန် အစိုးရဘက်ကဆန္ဒရှိနေပြီး ညီလာခံမတိုင်မီငြိမ်းချမ်းရေးဆွေးနွေးပွဲ မူဘောင် ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ခြင်းများ ပြုလုပ်မည်ဖြစ် ရာ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများက ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်ခွင့်ရရှိမည်ဖြစ်သော်လည်း မဲခွဲဆုံးဖြတ်ခွင့်ရှိရန် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA တွင် လက်မှတ်ရေးထိုးရမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့၌ UNFC နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ(၂)တို့ တွေ့ဆုံရာ၌ ဇူလိုင်လလယ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဋ္ဌတို့တွေ့ဆုံရန် သဘောတူခဲ့ညီမှု ရရှိခဲ့ပြီး ဖြစ်သည်။

ထိုနောက် ၂၁ ရာစုပင်လုံညီလာခံတက်ရေး၊ မတက်ရေး ညှိနှိုင်းဆွေးနွေးရန်အတွက်  NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့နှင့် လက်မှတ်မထိုးသေးသည့် အဖွဲ့များ ပါဝင်သည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထိပ်သီးအစည်းအဝေး EAOs Summit ကို ဇူလိုင်လမကုန်မီ ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

အပစ်ရပ်လက်မှတ် NCA မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့တွင်  ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ကရင်နီတိုးတက်ရေးပါတီ KNPP၊ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA/PSLF၊ လားဟူဒီမိုကရက်တစ်ယူနီယံ LDU၊ “ဝ” အမျိုးသားအဖွဲ့ချုပ် WNO၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် MNDAA(ကိုးကန့်အဖွဲ့)၊ ရခိုင်အမျိုးသားကောင်စီ ANC၊ ‘ဝ’ သွေးစည်း ညီညွတ်ရေး ပါတီ UWSP/UWSA ၊ မိုင်းလားအဖွဲ့ NDAA၊ နာဂအမျိုး သားဆိုရှယ်လစ်ကောင်စီ ကပ်ပလန် NSCN-K၊ ရခိုင်တပ်မတော် AA စသည့်အဖွဲ့များ ပါဝင်သည်။

၂၁ ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီအစည်းအဝေး (MSCO)

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...