၂၁ ရာစုပင်လုံတွင် EAO’s အဖွဲ့အားလုံးပါဝင်ခွင့်ရှိရန် လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီ သဘောထားထုတ်ပြန်

၂၁ ရာစုပင်လုံတွင် EAO’s အဖွဲ့အားလုံးပါဝင်ခွင့်ရှိရန် လိုအပ်ကြောင်း မွန်ပြည်သစ်ပါတီ သဘောထားထုတ်ပြန်
by -
မွန်သတင်းအေဂျင်စီ
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားအဖွဲ့အစည်း Ethnic Arms Organizations-EAO’s အားလုံး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁ ရာစုပင်လုံ)တွင် ပါဝင်ဆွေးနွေးခွင့်ရရှိရန်လိုအပ်ပြီး အားလုံးပါ၀င်ခွင့်ရမှသာ အောင်မြင်မှုအပြည်အဝရရှိနိင်မည်ဖြစ်ကြောင်း  ဇူလိုင် ၂ ရက်နေ့စွဲဖြင့် မွန်ပြည်သစ်ပါတီ၏ အမြင်သဘောထားထုတ်ပြန်ခဲ့သည်။

အဆိုပါ EAO’s အဖွဲ့အစည်းအားလုံးပါဝင်ခွင့်မရှိပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင် နိုင်မည်မဟုတ်ကြောင်း၊ NLD အစိုးရသစ်ဦးဆောင်ပြီး နိုင်ငံရေး စနစ်ကိုပြောင်းလဲမည်ဟု ကြွေးကြော်ထားသည့်အတိုင်း လက်တွေ့ အကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေသည့်အပေါ် မွန်ပြည်သစ်ပါတီဝမ်းသာအားရဖြစ်မိပါကြောင်း ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရသည်။

မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက “ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ထဲက ကတိကဝတ်တွေအတိုင်း လိုက်နာေဆောင်ရွက်မှုမရှိခဲ့တဲ့အတွက် တိုင်းရင်းသားတွေ လက်နက်ကိုင်တော်လှန်ပြီး အနှစ် ရ၀ နီးပါးပြည်တွင်းစစ်ဖြစ်ခဲ့ရတယ်၊ ဒါကြောင့် မကြာမီကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းအားလုံး ပါဝင်စေလိုတယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

တဖက်နှင့်ယုံကြည်မှုရှိလာစေရေး အတွက် ဗမာ့တပ်မတော်မှ ကချင်၊ ကိုးကန့်၊ ပလောင်၊ ရခိုင်၊ ရှမ်းနှင့်အခြား လက်နက်ကိုင်တိုင်းရင်းသားတို့အား ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ အမြန်ရပ်တန့်ရန် လိုအပ်ကြောင်း၊ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲပြီး သက်ဆိုင်ရာ ကိုယ်စားလှယ်များပါဝင်သော ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) ကိုဖွဲ့စည်းကာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကိုစုံစုံညီညီ ပွင့်လင်းမှန်ကန်စွာကျင်းပရမည်ဖြစ်သည်ဟု ရေးသားထားသည်ကို တွေ့ရှိရသည်။

 “ဒီလိုစောင့်ကြည့်ရေးအဖွဲ့တွေကို ဖွဲ့သင့်တယ်၊ အပစ်ရပ်ထားပြီးတဲ့ အဖွဲ့တွေနောက်ထပ် ပစ်ခတ်မှု တွေမရှိရအောင် ဒီလိုအဖွဲ့အစည်းတွေဖွဲ့ပြီး ဘယ်သူမှန်တယ်၊ ဘယ်သူမှား တယ်ဆိုတာ စောင့်ကြည့်လို့ ရတယ်၊ အခုလိုကြားနေ အဖွဲ့တွေနဲ့ အစိုးရဖက်က ကိုယ်စားလှယ် တွေရော၊ တိုင်းရင်းသားဖက်က ကိုယ် စားလှယ်တွေပါ ပါဝင်တဲ့အတွက်ပိုပြီး ထိရောက်မှုရှိတယ်၊ အစိုးရနဲ့ တိုင်းရင်း သားတွေနဲ့ပဲ ဖွဲ့စည်းထားမယ်ဆို နောက်ထပ် တိုက်ပွဲတွေ ဖြစ်လာ နိုင်တဲ့အတွက် အခုလိုကြားလူတွေ ပါလာတော့ ပိုကောင်းတယ်” ဟု  နို်င်ဟံသာက မှတ်ချက်ပြုပြောဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က မွန်ပြည်နယ် ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) ကို  အစိုးရကိုယ်စားလှယ်နှင့် NCA လက်မှတ်ရေးထိုးထားသော KNU တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တို့အပြင် မွန်၊ ကရင်တိုင်းရင်းသားကိုယ်စားလှယ်များဖြင့် မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် အောင်ဆန်းခန်းမတွင်  ပြည်နယ်အဆင့်ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

ထို့အပြင် NLD အဖွဲ့ချုပ်ဦးဆောင်နေသော အစိုးရသစ်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁ ရာစုပင်လုံ) ညီလာခံကို လာမည့်သြဂုတ်လအတွင်း ကျင်းပနိုင်ရန်ကြိုးပမ်းနေမှုအပေါ်  မွန်ပြည်သစ်ပါတီ ကြိုဆို လက်ခံအားပေးပါကြောင်း မွန်ပြည်သစ်ပါတီထုတ်ပြန်ချက်တွင် ဆက်လက် ရေးသားဖော်ပြထားသည်။

၂၁ ရာစုပင်လုံညီလာခံတက်ရောက်ရန် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့နှင့် လက်မှတ်မထိုး ထားသည့် အဖွဲ့များပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထိပ်သီးအစည်းအဝေး EAOs Summit ကို ဇူလိုင်လအတွင်း ကချင်ပြည်နယ်၊ မိုင်ဂျာယန်၌ ကျင်းပရန်စီစဉ်လျက်ရှိပြီး ထိုညီလာခံမတိုင်မီ လာမည့် ဇူလိုင်လ ၁၈ ရက်နေ့တွင် NCA လက်မှတ်မထိုးရသေးသည့် UNFC ဥက္ကဋ္ဌနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင် တွေ့ဆုံရန်လျာထားကြောင်း သတင်းများတွင် ဖော်ပြ ထားသည်ကိုတွေ့ရသည်။

13607731 1630519800572508 1056597476 n
မွန်ပြည်သစ်ပါတီ ထုတ်ပြန်ကြေညာချက်(Copy)

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...