ယင်းဖိုရမ်ဆွေးနွေးပွဲသို့ အရပ်ဖက်အဖွဲ့အစည်းများကိုယ်စားလှယ် ၁၅၀ ခန့်အပြင် မွန်ပြည်သစ်ပါတီ NMSP၊ မွန်ဒေလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP၊ မွန်အမျိုးသားပါတီMNP ကိုယ်စားလှယ်တို့လည်း တက်ရောက်ကြသည်။
ကျင်းပရေးကော်မတီ နိုင်ကောင်းလဝီ က “၂၁ ရာစု ပင်လုံအကြိုအတွက် နိုင်ငံရေးတွင် မွန်လူထုအသံနဲ့ မွန်လူထုတို့၏ ဆန္ဒကို ရရှိရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ပြီးတော့ မွန်နိုင်ငံရေးပါတီကိုယ်စားပြုများ၊ မွန်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များတို့၏ ဆွေးနွေးထားသော အချက်အလက်များ၊ အသံနှင့် ဆန္ဒများကို ၂၁ ပင်လုံညီလာခံ/ငြိမ်းချမ်းရေး ညီလာခံသို့ သယ်ဆောင်သွားပြီး တင်ပြဆွေးနွေးရန် ရည်ရွယ်ထားတယ်” ဟု ဆိုသည်။
ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရာတွင် မွန်လူမျိုးတို့၏ရပ်တည်ချက်၊ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားများ တန်းတူအခွင့်အရေးရရှိရန်အတွက် ရည်ရွယ်ပြီး ဖိုရမ်ဆွေးနွေးပွဲကျင်းပရသည်ဟု နိုင်ကောင်းလဝီ က ဆက်ပြောသည်။
မွန်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး နိုင်လယီတမ က “နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်ဖို့အတွက် နိုင် ငံရေးဆွေးနွေးပွဲမူဘောင်ဟာ အဓိကကျတယ်။ ပင်လုံညီလာခံမဖြစ်ခင်ကတည်းက နိုင်ငံရေးဆွေးနွေးပွဲ မူ ဘောင်ထဲမှာ ဘာတွေပြင်ဆင်သင့်လဲ ဒါတွေကိုလည်း ကျနော်တို့မွန်လူမှုအဖွဲ့အစည်းအသံကို ဖော်ထုတ်သင့် တယ်” ဟု ဆိုသည်။
သြဂုတ်လအတွင်း အားလုံးလွှမ်းခြုံပါဝင်သော ၂၁ ရာစုပင်လုံငြိမ်ချမ်းရေးညီလာခံပြုလုပ်မည်ဆိုပါက စဉ်စားစရာများရှိနေကြောင်း၊ လက်ရှိအချိန်တွင် NCA လက်မှတ်မရေးထိုးသည့်အဖွဲ့များ ညီလာခံတက်ရောက်ခွင့်ရှိသည်ဟု အစိုးရပြောထားသော်လည်း နှစ်ဖက်ညှိနှိုင်ရေးအဖွဲ့များ စတင်တွေ့ဆုံသည့်အဆင့်သာရှိသေးကြောင်း နိုင်လယီတမက ဆက်ပြောသည်။
မွန်လူထုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးညီလာခံ (၂၁ ပင်လုံ) အကြိုဆွေးနွေးပွဲတွင် လူငယ်နှင့် မူးယစ်ဆေးဝါး၊ အမျိုးသမီးကဏ္ဍ၊ လူအခွင့်ရေး၊ ဒုက္ခသည်များဆိုင်ရာ မူဝါဒသဘောထား၊ မြေယာ၊ သဘာဝသယံဇာတခွဲဝေမှု၊ ရင်နှီးမြှပ်နှံမှု၊ ပညာရေးကဏ္ဍ၊ အရပ်သား အပစ်အခတ် ရပ်စဲစောင့်ကြည့်လေ့လာရေးကဏ္ဍများကို ဆွေးနွေးသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများမချုပ်ငြိမ်းသေးဘဲ အစိုးရနှင့်တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖော်ဆောင်နိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်သော လက်ရှိအစိုးရက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) ကို လာမည့့်သြဂုတ်လ နောက်ဆုံးအပတ်တွင် စတင်ကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ မွန်သတင်းအေဂျင်စီ







