မွန်ပြည်နယ်တွင် လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ရ၀% ရှိနေဟု HURFOM အစီရင်ခံစာထုတ်ပြန်

မွန်ပြည်နယ်တွင် လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု ရ၀% ရှိနေဟု HURFOM အစီရင်ခံစာထုတ်ပြန်
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM ၏ ‘ဆေးခါးများ၊ မွန်လူ့အဖွဲ့အစည်းအတွင်းရှိ မူးယစ်ဆေးဝါးသုံးစွဲမှု ပြဿနာများဖော်ထုတ်ခြင်း’ အမည်ရှိအစီရင်ခံအရ လက်ရှိအခြေအနေတွင် မွန်ပြည်နယ်၏ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှုသည် ရ၀ ရာခိုင်နှုန်းအထိရှိနေကြောင်း အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခန်းနား၌ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

ယင်းအစီရင်ခံစာအရ ၂၀၁၃ ခုနှစ်၌ ယေဘုယျအားဖြင့် မွန်လူ့အဖွဲ့အစည်းရှိလူငယ်များ၏ ၃၈% မှ ၄၀%အထိ ရှိခဲ့ပြီး လက်ရှိအခြေအနေတွင် မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းသည် ၆၀% မှ ရ၀% အထိ ၂ နှစ်အတွင်း ပိုမိုမြင့် မားလာသည်ဟု ဖော်ပြထားသည်။

မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “ ဒီမူးယစ်ဆေးဖမ်းဆီးမှုဥပဒေကို ပြင်ဆင်သင့်တယ် လို့ ကျွန်တော်မြင်တယ်၊ ဘာလို့လဲဆိုတော့ အရင်အစိုးရလက်ထက်က ကျွန်တော်တို့ ဒီမူးယစ်ဆေးဝါးကိစ္စ ဆွေးနွေးခဲ့တယ်။ ဒါပေမယ့်အစိုးရဘက်က အင်အားတိုးချဲ့လာတာတို့ ဘတ်ဂျက်သီးခြားထားပြီး စီစဉ်တာတို့ ဘာမှမရှိ လာခဲ့ဘူး၊ အဲ့ကြောင့် အရင်ကမူအတိုင်းဆက်သွားနေရင် ပိုဆိုးလာနိုင်တယ်” ဟု ပြောသည်။

မူးယစ်ဆေးဝါးအန္တရာယ်ကို တိုက်ဖျက်ရာတွင် ပြည်သူလူထု၊ အစိုးရ၊ လူငယ်အဖွဲ့အစည်း တို့ အားလုံး ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ၊ အစိုးရသစ်လက်ထက်၌ မွန်ပြည်နယ်လွှတ်တော်အနေဖြင့် ဆက်လက် ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မော်လမြိုင်အမှတ် ၃၈ ဒုရဲမှူး နုုိင်ထန်းမနားက “ကိုယ့်မိ သားစုမှာ မူးယစ်ဆေးဝါးသုံးစွဲခဲ့မယ်ဆိုရင် သူစွဲတဲ့အခြေအနေပေါ့၊ ဒီထက်မကျွံသွားအောင် ကျွန်တော်တို့ဖြစ် ဖြစ် တခြား (NGO)အဖွဲ့အစည်းဖြစ်ဖြစ် သတင်းဖော်ထားရမယ်ပေါ့ ၊ ညှိနှိုင်းတိုင်ပင်ပြီးမှ အကုန်လုံးက ဝိုင်းဝန်း ဆောင်ရွက်ရင် လျော့ကျလာနိုင်တယ်လို့ ကျွန်တော်ထင်တယ်” ဟု ပြောသည်။

တည်ဆဲဥပဒေအရ မူးယစ်ဆေးဝါးသုံးစွဲသူ ထောင် ၅ နှစ်၊ မိမိလက်ဝယ်ဆေးပြား ၂၁ ပြားမှ အပြား ၃၀ အတွင်းတွေ့ရှိရလျှင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ကြား၊ အပြား ၃၀ အထက် အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ဖမ်းဆီးမိသည့် ပမာဏအပေါ်မူတည်ပြီး ထောင်ဒဏ်ချမှတ်နိုင်သည်ဟု နိုင်ထန်းမနားက ဆက်ပြောသည်။

မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးသူ ဦးစိုင်းအောင်ခမ်းက “ မူးယစ်ဆေးဝါးသုံးစွဲသူအားလုံးနီးပါးက ကျွန်တော်တို့ ယောကျာ်းတွေက စူးစမ်းချင်တယ် ၊ ဒါငါလုပ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ စမ်းလုပ်ခဲ့ကြတာပေါ့ ၊ စသုံးတုန်းကလည်း ဒါက မူးယစ်ဆေးပါလို့ပြောပြီး ပေးသုံးတာမှမဟုတ်တာ ၊ ဘယ်လိုပြောလဲဆိုတာက လူကိုလန်းဆန်းစေတယ် သန်မာစေတယ် စမ်းကြည့်ပါလား ဆိုတဲ့အပေါင်းသင်းမက်တဲ့သူတွေအတွက် စွဲသွားကြတယ်ပေါ့” ဟု ပြောသည်။

HURFOM ဆေးခါးမူးယစ်ဆေးဝါးအစီရင်ခံစာတွင် ၁၉၉၀ ခုနှစ်မှစပြီး မွန်ဒေသအနှံ့အပြားတွင် အလုပ်ကြမ်းဒဏ်ခံနိုင်ရန် မူးယစ်ဆေးဝါးသုံးစွဲမှုရှိလာကြောင်း၊ တဖက်နိုင်ငံပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများမှ ပြန့်နှံ့လာကြောင်း၊ ၁၉၉၂ ခုနှစ်မှစပြီး မွန်လူ့အဖွဲ့အစည်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမုုိပျံ့နှံ့လာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန်အထိ ငါးနှစ်တာကာလအတွင်း သက်ဆိုင် ရာဌာနများ၏ မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူမှုသည် ၄၂၄ မှုနှင့် တရားခံ ၆၅၈ ဦးရှိခဲ့သည်ဟု ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့အတူ တိုင်းနှင့်ပြည်နယ် ရ ခု၌ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးပမာဏသည် ယမန်နှစ်ကထက် သုံးဆ ပိုမိုများလာကြောင်း ဇွန်လ (၁၄) ရက်နေ့တွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ထုတ်ဖော်ပြောကြားခဲ့ကြောင်း သတင်းမီဒီယာများ ဖော်ပြချက်အရ သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...