ကချင်ဆရာမနှစ်ဦး၏ အမှုမှန်ဖော်ထုုတ်ပေးရန် တောင်းဆိုု

ကချင်ဆရာမနှစ်ဦး၏ အမှုမှန်ဖော်ထုုတ်ပေးရန် တောင်းဆိုု
ရှမ်းပြည်နယ် မြောက်ပိုုင်း၊ ကောင်းခါးကျေးရွာတွင် အသတ်ခံခဲ့ရသည့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် ( KBC  ) မှ စေတနာ့ဝန်ထမ်း ကချင်တိုုင်းရင်းသူ ကျောင်းဆရာမ နှစ်ဦး၏ အမှုနှင့်ပတ် သက်၍ အမှုမှန်ဖော်ထုုတ်ပေးရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် ( KBC ) မှ ဇွန်လ ၁၃ ရက် နေ့တွင် သမ္မတ ဦးထင်ကျော်ထံသိုု့ စာပိုု့တောင်းဆိုုခဲ့ကြောင်းသိရသည်။

ဒီတောင်းဆိုုမှုနဲ့ပတ်သက်ပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ( KBC ) မှ ပြန်ကြားရေးတာဝန်ခံ ဆရာ ဦးလမာယော်က “အစိုးရဘက်က အထူးစုံစမ်းရေးအဖွဲ့ရော ပြည်နယ်ရဲ၊ ခရိုင်ရဲတွေ အားလုံး မှာ တာဝန်ရှိလာတယ်။ ဒီအမှုကြီးက နည်းနည်းကျဉ်းကျဉ်းမဟုတ်ဘူး။ တိုင်းသိပြည်သိ ကမ္ဘာသိ တဲ့ အမှုဖြစ်နေတယ်။ အဲ့ဒါကြောင့်မို့လို့ အမှုမှန်မပေါ်နိုင်ရင် နိုင်ငံတော် သိက္ခာလည်း ကျမယ်။ လက်တွေ့လုပ်ဆောင်နေတဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း သိက္ခာကျမယ်။ အဲ့ဒါကြောင့် တကယ် ကျူးလွန်တဲ့ တရားခံကို မမိဘဲနဲ့ အမှုပိတ်လိုက်ရတဲ့ အဖြစ်မျိုး မရောက်ဖို့ရန်အတွက် ကျွန်တော်တို့ က သမ္မတဆီစာရေး ခြင်းဖြစ်တယ်” ဟုုပြောသည်။

ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) သည် ဘာသာရေးအဖွဲ့အစည်း တစ်ခုသာဖြစ်သည့် အတွက် အမှုမှန်ပေါ်ပေါက်ရေး ကြိုးစားရာတွင် အခက်အခဲအမျိုးမျိုးရှိပြီး၊ မည်သည့်အဖွဲ့အစည်း၊ မည်သူမည်ဝါ တစ်ဦးတယောက်ကိုမှ စွပ်စွဲခြင်းမဟုတ်ကြောင်း၊ အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေး နှင့် ကျူးလွန်သူများအား ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် စသည့်အချက်များကိုု သမ္မတထံသိုု့ ပေးပို့သော တောင်းဆိုုစာတွင် ထည့်သွင်းဖော်ပြထားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စု၊ ကောင်းခါး ကျေးရွာ ဘုရားကျောင်းဝင်းအတွင်းနေထိုင်သူ နှစ်ဦးဖြစ်သည့် ဆရာမတန်ဘောင်ခေါန်နန်စင် (အသက်-၂၁ နှစ်) နှင့် ဆရာမ မရန်လုရာ (အသက်-၂၀ နှစ်) တို့သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အုပ်စုလိုက် အဓမ္မပြုကျင့်ခံရကာ အသတ်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုုပါအမှုနှင့်ပတ်သက်၍ ယခင်အစိုုးရဟောင်း လက်ထက် သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် သက်ဆိုင်ရာ ဌာနဆိုုင်ရာ အသီးသီးထံသုုိ့ အမှုမှန်ပေါ်ပေါက်ရေး တောင်းဆိုုခဲ့သော်လည်း ယနေ့ချိန်ထိ အမှုမှန်မပေါ်ပေါက်သေးဘဲ တရားခံများ လွတ်မြောက်နေ ဆဲဖြစ်သည် ဟုုသိရသည်။

Most read this week

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...